39. သို့သော် ငါတို့၏ဘိုးဘေးများသည် သူ့စကားကိုနားထောင်လိုသောဆန္ဒမရှိဘဲ သူ့ကိုပစ်ပယ်၍ သူတို့၏စိတ်နှလုံးထဲ၌ အီဂျစ်ပြည်ကိုတမ်းတကာ
40. အာရုန်အား ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထိုမောရှေသည် မည်သို့ဖြစ်သွားသည်ကို ငါတို့မသိကြသည်ဖြစ်၍ ငါတို့ရှေ့မှကြွသွားမည့်ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ’ဟု တောင်းဆိုကြ၏။
41. ဤသို့ဖြင့် သူတို့သည် ထိုနေ့ရက်များ၌ နွားသငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုထံသို့ ယဇ်ကိုယူဆောင်လာကာ မိမိတို့လက်ဖြင့်ပြုလုပ်သောအရာ၌ ပျော်မွေ့နေကြ၏။
42. ထိုအခါ ဘုရားသခင်သည် သူတို့ထံမှ မျက်နှာလွှဲ၍ သူတို့အား ကောင်းကင်ကြယ်တာရာများကိုဝတ်ပြုစေရန် စွန့်ပစ်ထားတော်မူ၏။ ဤသည်ကား ပရောဖက်ကျမ်းတွင် ‘အစ္စရေးအမျိုးတို့၊ သင်တို့သည် တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ယဇ်ပူဇော်ရန်တိရစ္ဆာန်များနှင့်ယဇ်များကို ငါ့ထံသို့ ယူဆောင်လာခဲ့ဖူးသလော။
43. သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
44. ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
45. ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။