26. နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
27. သို့သော် အိမ်နီးချင်းကို မတရားသဖြင့်ပြုနေသောသူသည် မောရှေကိုတွန်းဖယ်၍ ‘မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း။
28. သင်သည် မနေ့က အီဂျစ်လူမျိုးကိုသတ်သကဲ့သို့ ငါ့ကိုသတ်လိုသလော’ဟု ဆိုလေ၏။
29. မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
30. အနှစ်လေးဆယ်ပြည့်သောအခါ သိနာတောင်၏တောကန္တာရတွင် ကောင်းကင်တမန်တစ်ပါးသည် မီးတောက်လောင်သောချုံပုတ်ထဲ၌ မောရှေထံ ထင်ရှားလေ၏။
31. ထိုရူပါရုံကိုမြင်ရသောအခါ မောရှေသည်အံ့သြလျက် ၎င်းကို သေချာစွာကြည့်ရှုရန် ချဉ်းကပ်ရာ
32. ‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏’ဟူ၍ ထာဝရဘုရား၏အသံတော်ထွက်ပေါ်လာ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် မကြည့်ဝံ့ဘဲနေ၏။
33. တစ်ဖန် ထာဝရဘုရားက ‘သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့။
34. ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။
35. ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
36. သူသည် အစ္စရေးလူမျိုးတို့ကိုထုတ်ဆောင်လာ၍ အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ အနှစ်လေးဆယ်တိုင်တိုင် တောကန္တာရ၌လည်းကောင်း နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကိုပြုခဲ့၏။
37. ထိုမောရှေသည် အစ္စရေးအမျိုးသားတို့အား ‘ဘုရားသခင်သည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်’ဟု ပြောဆိုခဲ့သူဖြစ်၏။
38. သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရားကို လက်ခံရရှိခဲ့၏။