1. ထိုအခါ ယဇ်ပုရောဟိတ်မင်းက ဤထွက်ဆိုချက်အတိုင်းဟုတ်မဟုတ် မေးလေသော်
2. သတေဖန်က “ညီအစ်ကိုများနှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
3. ‘သင်၏ပြည်နှင့် သင်၏ဆွေမျိုးသားချင်းတို့ထံမှ ထွက်ခွာ၍ သင့်ကို ငါပြမည့်ပြည်သို့ သွားလော့’ဟု မိန့်တော်မူ၏။
4. ထိုအခါ သူသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့၌နေထိုင်လေ၏။ သူ၏ဖခင်သေဆုံးပြီးနောက် ဘုရားသခင်သည် သူ့ကို ထိုနေရာမှ ယခု ငါတို့နေထိုင်သောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။
5. သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
6. တစ်ဖန် ဘုရားသခင်က သူ၏အမျိုးအနွယ်သည် သူတစ်ပါး၏တိုင်းပြည်တွင် ဧည့်သည်အဖြစ်နေထိုင်မည်ဖြစ်ကြောင်းနှင့် ထိုတိုင်းပြည်မှလူတို့သည် သူတို့ကိုကျွန်ပြု၍ အနှစ်လေးရာပတ်လုံး မတရားနှိပ်စက်မည်ဖြစ်ကြောင်း မိန့်တော်မူ၏။
7. ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
8. ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့်သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုရပြီး ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောဘိုးဘေးတို့၏ဖခင်ဖြစ်လာ၏။
9. ဘိုးဘေးတို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
10. သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
11. ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။
12. သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံဆန်ရှိကြောင်းကြား၍ ငါတို့၏ဘိုးဘေးများကို ပထမအကြိမ်စေလွှတ်ခဲ့၏။
13. ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။