32. ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။
33. သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
34. သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
35. “အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။
36. အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
37. ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။