29. သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
30. ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သစ်တိုင်ပေါ်၌ သင်တို့ဆွဲထား၍ ကွပ်မျက်ခဲ့သောယေရှုကို ထမြောက်စေတော်မူ၏။
31. ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
32. ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။
33. သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
34. သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
35. “အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။
36. အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
37. ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။
38. သို့ဖြစ်၍ ယခု သင်တို့အား ငါပြောမည်။ ဤသူတို့နှင့် ကင်းရှင်းစွာနေ၍ သူတို့ကိုလွှတ်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ဤအကြံအစည် သို့မဟုတ် ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်လျှင် ပျက်စီးသွားလိမ့်မည်။
39. သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
40. ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
41. တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
42. ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။