25. ထိုအချိန်တွင် လူတစ်ဦးသည်ရောက်လာ၍ “ထောင်ထဲ၌ သင်တို့ချထားသောသူတို့သည် ဗိမာန်တော်ထဲ၌ရပ်လျက် လူတို့ကို သွန်သင်နေကြပါသည်”ဟု သတင်းပို့လေ၏။
26. ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ
27. သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက
28. “ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
29. သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
30. ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သစ်တိုင်ပေါ်၌ သင်တို့ဆွဲထား၍ ကွပ်မျက်ခဲ့သောယေရှုကို ထမြောက်စေတော်မူ၏။
31. ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
32. ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။
33. သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
34. သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
35. “အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။