13. အခြားသောသူတို့မူကား သူတို့နှင့်အတူ မပေါင်းဖော်ဝံ့ကြချေ။ သို့သော် လူတို့သည် သူတို့ကိုချီးမွမ်းကြ၏။
14. သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတို့သည်လည်း ပို၍များစွာတိုးပွားလာကြ၏။
15. လူတို့သည် နာမကျန်းဖြစ်သူများကို လမ်းမပေါ်သို့သယ်ဆောင်လာ၍ ခုတင်များနှင့် အိပ်ရာများပေါ်တွင် ထားကြကာ ပေတရုလာသောအခါ သူ၏အရိပ်ကိုပင် ထိုလူနာအချို့တို့အပေါ်သို့ကျရောက်စေရန် ကြိုးစားကြ၏။
16. ဂျေရုဆလင်မြို့ပတ်ဝန်းကျင်ရှိ မြို့များမှ များစွာသောလူတို့သည်လည်း နာမကျန်းဖြစ်သူများနှင့် ညစ်ညူးသောနတ်ပူးဝင်နေသူများကို ခေါ်ဆောင်လာ၍ စုဝေးလာကြရာ ထိုသူအပေါင်းတို့သည် အကောင်းပကတိဖြစ်လာကြ၏။
17. ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ သူ၏အပေါင်းအဖော်များဖြစ်ကြသော ဇဒ္ဒုကဲဂိုဏ်းဝင်သူအားလုံးတို့သည် မနာလိုစိတ်နှင့်ပြည့်ကြ၍ ထလျက်
18. တမန်တော်တို့ကိုဖမ်းဆီးကာ ပြည်သူ့အချုပ်ထောင်ထဲ၌ ထည့်ထားကြ၏။
19. သို့သော် ညအခါတွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကိုခေါ်ထုတ်ပြီးလျှင်
20. “သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
21. တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏ လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။
22. သို့သော် အစောင့်တပ်သားတို့သည် ရောက်သွားသောအခါ တမန်တော်တို့ကို ထောင်ထဲ၌မတွေ့ရချေ။ ထိုအခါ သူတို့သည်ပြန်လာ၍
23. “ထောင်ခန်းကို မြဲမြံလုံခြုံစွာပိတ်ထားလျက် အစောင့်များလည်း တံခါးရှေ့၌ရပ်နေကြသည်ကို အကျွန်ုပ်တို့တွေ့ရပါ၏။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ မည်သူ့ကိုမျှမတွေ့ရပါ”ဟု သတင်းပို့ကြ၏။