တ​မန်​တော်​ဝတ္ထု 5:11-28 Myanmar Standard Bible (MSB)

11. အ​သင်း​တော်​တစ်​ခု​လုံး​မှ​စ​၍ ထို​အ​ကြောင်း​ကို​ကြား​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​လွန်​ကြောက်​ရွံ့​သွား​ကြ​၏။

12. တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ကို လူ​တို့​အ​လယ်​တွင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​သည် ရှော​လ​မုန်​မုခ်​ဆောင်​၌ တစ်​စု​တစ်​ဝေး​တည်း​နေ​ကြ​၏။

13. အ​ခြား​သော​သူ​တို့​မူ​ကား သူ​တို့​နှင့်​အ​တူ မ​ပေါင်း​ဖော်​ဝံ့​ကြ​ချေ။ သို့​သော် လူ​တို့​သည် သူ​တို့​ကို​ချီး​မွမ်း​ကြ​၏။

14. သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ အ​မျိုး​သား၊ အ​မျိုး​သ​မီး​တို့​သည်​လည်း ပို​၍​များ​စွာ​တိုး​ပွား​လာ​ကြ​၏။

15. လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို လမ်း​မ​ပေါ်​သို့​သယ်​ဆောင်​လာ​၍ ခု​တင်​များ​နှင့် အိပ်​ရာ​များ​ပေါ်​တွင် ထား​ကြ​ကာ ပေ​တ​ရု​လာ​သော​အ​ခါ သူ​၏​အ​ရိပ်​ကို​ပင် ထို​လူ​နာ​အ​ချို့​တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​ရန် ကြိုး​စား​ကြ​၏။

16. ဂျေ​ရု​ဆ​လင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​မှ များ​စွာ​သော​လူ​တို့​သည်​လည်း နာ​မ​ကျန်း​ဖြစ်​သူ​များ​နှင့် ညစ်​ညူး​သော​နတ်​ပူး​ဝင်​နေ​သူ​များ​ကို ခေါ်​ဆောင်​လာ​၍ စု​ဝေး​လာ​ကြ​ရာ ထို​သူ​အ​ပေါင်း​တို့​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

17. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ​၍ သူ​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒု​ကဲ​ဂိုဏ်း​ဝင်​သူ​အား​လုံး​တို့​သည် မ​နာ​လို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်

18. တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ကာ ပြည်​သူ့​အ​ချုပ်​ထောင်​ထဲ​၌ ထည့်​ထား​ကြ​၏။

19. သို့​သော် ည​အ​ခါ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ထောင်​တံ​ခါး​များ​ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​ခေါ်​ထုတ်​ပြီး​လျှင်

20. “သွား​၍ ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် ဤ​အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို လူ​တို့​အား​ဟော​ပြော​ကြ​လော့”​ဟု ဆို​၏။

21. တ​မန်​တော်​တို့​သည်​လည်း​ကြား​လျှင် အ​ရုဏ်​တက်​ချိန်​၌ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် ရောက်​လာ​ကြ​သော​အ​ခါ တ​ရား​လွှတ်​တော်​နှင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏ လူ​ကြီး​အ​ဖွဲ့​အား​လုံး​တို့​ကို စု​ရုံး​စေ​ပြီး​လျှင် တ​မန်​တော်​တို့​ကို​ခေါ်​လာ​ရန် အ​စောင့်​တပ်​သား​တို့​ကို ထောင်​ခန်း​သို့​စေ​လွှတ်​လိုက်​ကြ​၏။

22. သို့​သော် အ​စောင့်​တပ်​သား​တို့​သည် ရောက်​သွား​သော​အ​ခါ တ​မန်​တော်​တို့​ကို ထောင်​ထဲ​၌​မ​တွေ့​ရ​ချေ။ ထို​အ​ခါ သူ​တို့​သည်​ပြန်​လာ​၍

23. “ထောင်​ခန်း​ကို မြဲ​မြံ​လုံ​ခြုံ​စွာ​ပိတ်​ထား​လျက် အ​စောင့်​များ​လည်း တံ​ခါး​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့​သော် ဖွင့်​ကြည့်​လိုက်​သော​အ​ခါ အ​ထဲ​၌ မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သ​တင်း​ပို့​ကြ​၏။

24. ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ဤ​အ​မှု​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း​ဟု တ​မန်​တော်​တို့​နှင့်​ပတ်​သက်​၍ ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​လေ​၏။

25. ထို​အ​ချိန်​တွင် လူ​တစ်​ဦး​သည်​ရောက်​လာ​၍ “ထောင်​ထဲ​၌ သင်​တို့​ချ​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် လူ​တို့​ကို သွန်​သင်​နေ​ကြ​ပါ​သည်”​ဟု သ​တင်း​ပို့​လေ​၏။

26. ထို​အ​ခါ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​သွား​၍ တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် လူ​တို့​သည် မိ​မိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​နိုင်​အ​ထက်​မ​ပြု​ဘဲ

27. သူ​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ တ​မန်​တော်​တို့​သည် တ​ရား​လွှတ်​တော်​ရှေ့​၌​ရပ်​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က

28. “ဤ​နာ​မ​ကို​အ​မှီ​ပြု​၍ မ​သွန်​သင်​ကြ​ရန် သင်​တို့​အား တင်း​ကျပ်​စွာ​အ​မိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သင်​တို့​၏​သွန်​သင်​ချက်​ကို​ပျံ့​နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အ​ပေါ်​သက်​ရောက်​စေ​ရန် ကြံ​ရွယ်​ကြ​သည်​တ​ကား”​ဟု မေး​မြန်း​ပြော​ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 5