17. သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။
18. သို့သော် ဘုရားသခင်သည် မိမိ၏ခရစ်တော်ဒုက္ခဝေဒနာခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ကြိုတင်ဖော်ပြထားသောအရာတို့ကို ထိုသို့ပြည့်စုံစေတော်မူ၏။
19. ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
20. ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။
21. ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
22. မောရှေကလည်း ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်။ သင်တို့အား ထိုသူပြောသမျှတို့ကို သင်တို့နားထောင်ရကြမည်။
23. ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှသည် လူမျိုးတော်ထဲမှ ဖယ်ရှားဖျက်ဆီးခြင်းခံရလိမ့်မည်’ဟု ဆိုထား၏။
24. ရှမွေလမှစ၍ သူ့နောက်မှ အဆက်ဆက်ပေါ်ထွန်းသောပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်ကာလအကြောင်းကို ဟောပြောလျက်ကြေညာကြ၏။
25. သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
26. ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။