9. ဤအရာဖြစ်ပြီးနောက် ကျွန်းပေါ်ရှိနာမကျန်းဖြစ်သောအခြားသူများလည်း ပေါလုထံလာကြ၍ ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
10. ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
11. သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမြွာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။
12. ထို့နောက် သရကုတ်မြို့၌ဆိုက်ကပ်လျက် သုံးရက်နေပြီးမှ
13. တစ်ဖန် ရွက်လွှင့်ပြန်ရာ ရေဂျုန်မြို့သို့ရောက်ကြ၏။ နောက်တစ်နေ့တွင် တောင်လေတိုက်လာသဖြင့် ဒုတိယနေ့၌ ပေါတယောလိမြို့သို့ရောက်ကြ၏။
14. ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။
15. ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။
16. ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
17. သုံးရက်လွန်သောအခါ ပေါလုသည် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များကိုဖိတ်ခေါ်၍ စုဝေးစေ၏။ သူတို့စုဝေးလာကြသောအခါ ပေါလုက “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ဓလေ့ထုံးစံများကိုလည်းကောင်း ဆန့်ကျင်သောအရာတစ်စုံတစ်ခုကိုမျှ မပြုခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် အကျဉ်းသားအဖြစ် ရောမလူမျိုးတို့လက်သို့ အပ်နှံခြင်းခံခဲ့ရသည်။
18. ရောမလူမျိုးတို့သည် အကျွန်ုပ်ကိုစစ်ဆေးကြရာ အကျွန်ုပ်၌ သေထိုက်သောပြစ်မှုမတွေ့သောကြောင့် အကျွန်ုပ်ကိုပြန်လွှတ်လိုကြသည်။
19. သို့ရာတွင် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသဖြင့် အကျွန်ုပ်သည် မလွဲသာ၍ ဆီဇာဧကရာဇ်ထံ အယူခံဝင်ရသည်။ အကျွန်ုပ်၏လူမျိုးကိုစွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍မဟုတ်ပါ။
20. ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
21. ထိုအခါ သူတို့က “ငါတို့သည် ယုဒပြည်မှ သင့်အကြောင်းရေးပို့သောစာများကို မရရှိခဲ့ကြပါ။ ထိုပြည်မှရောက်လာသော ညီအစ်ကိုတို့တွင်လည်း သင်နှင့်ပတ်သက်သည့် မကောင်းသောအရာတစ်စုံတစ်ခုကို သတင်းပို့သောသူ သို့မဟုတ် ပြောဆိုသောသူတစ်ယောက်မျှမရှိပါ။
22. သို့သော် ဤဂိုဏ်းနှင့်ပတ်သက်၍ အရပ်ရပ်တို့၌ ဆန့်ကျင်ပြောဆိုနေကြောင်း ငါတို့သိထားသည်ဖြစ်၍ သင်မည်သို့စိတ်သဘောရှိသည်ကို သင့်ထံမှ ငါတို့ကြားလိုသည်”ဟု ဆိုကြ၏။
23. ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
24. အချို့တို့သည် သူဟောပြောသောအရာများကို လက်ခံကြသော်လည်း အချို့တို့သည် မယုံကြည်ကြချေ။
25. ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
26. ‘သင်တို့သည် ကြားသောအခါ လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်သောအခါလည်း လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်ဟု ဤလူမျိုးထံသို့သွား၍ ပြောကြားလော့။