23. ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
24. အချို့တို့သည် သူဟောပြောသောအရာများကို လက်ခံကြသော်လည်း အချို့တို့သည် မယုံကြည်ကြချေ။
25. ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
26. ‘သင်တို့သည် ကြားသောအခါ လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်သောအခါလည်း လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်ဟု ဤလူမျိုးထံသို့သွား၍ ပြောကြားလော့။
27. အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက် နားသည်လည်းလေးလျက် မျက်စိသည်လည်းပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်၍ နားဖြင့်ကြားလျက် စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟု မိန့်တော်မူ၏။
28. ထို့ကြောင့် ဘုရားသခင်၏ ဤကယ်တင်ခြင်းတရားသည် လူမျိုးခြားတို့ထံ စေလွှတ်ခြင်းခံရ၍ သူတို့သည် နားထောင်ကြမည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့”ဟူသောစကားတစ်ခွန်းကို ပြောလိုက်လေ၏။
29. [ဤစကားကို ပေါလုပြောလိုက်သောအခါ ဂျူးလူမျိုးတို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ပြန်သွားကြ၏။]
30. ထို့နောက် ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားရမ်းထားသည့်အိမ်၌နေ၍ မိမိထံသို့လာသောသူအပေါင်းတို့ကို ကြိုဆိုလျက်
31. မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။