2. ကျွန်းသားတို့သည် ငါတို့အား ထူးခြားသောချစ်ခင်ကြင်နာမှုကိုပြသကြ၏။ မိုးရွာ၍ချမ်းအေးသောကြောင့် သူတို့သည် မီးဖိုလျက် ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။
3. ပေါလုသည် ထင်းများကိုစုစည်းလျက် မီးထဲသို့ထည့်လိုက်ရာ မြွေဆိုးတစ်ကောင်သည် မီးအပူရှိန်ကြောင့် ထွက်လာ၍ ပေါလုလက်၌ တွယ်ကပ်လေ၏။
4. ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
5. သို့သော် ပေါလုသည် ထိုသတ္တဝါကို မီးထဲသို့ခါချလျက် မည်သည့်ဘေးဥပဒ်မျှ မခံစားရချေ။
6. ကျွန်းသားတို့က သူသည် ယောင်လာတော့မည် သို့မဟုတ် ရုတ်တရက်လဲကျ၍ သေဆုံးလိမ့်မည်ဟုဆိုလျက် စောင့်ကြည့်နေကြ၏။ သို့သော် ကြာမြင့်စွာစောင့်ကြည့်နေသော်လည်း မကောင်းသည့်လက္ခဏာတစ်စုံတစ်ခုမျှ သူ၌မဖြစ်သည်ကို မြင်ကြသောအခါ သူတို့သည် စိတ်ပြောင်းသွား၍ ဤသူကား ဘုရားဖြစ်သည်ဟုဆိုကြ၏။
7. ထိုနေရာအနီးတွင် ပုဗလိဟုအမည်ရှိသောကျွန်းသူကြီး၏မြေကွက်များရှိ၏။ သူသည် ငါတို့ကိုလက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။
8. ပုဗလိ၏ဖခင်သည် အဖျားအနာနှင့်ဝမ်းကိုက်ရောဂါခံစားရလျက် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့ဝင်ပြီး ဆုတောင်းပေးကာ သူ့အပေါ်လက်တင်၍ သူ့ကိုကျန်းမာစေ၏။
9. ဤအရာဖြစ်ပြီးနောက် ကျွန်းပေါ်ရှိနာမကျန်းဖြစ်သောအခြားသူများလည်း ပေါလုထံလာကြ၍ ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
10. ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
11. သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမြွာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။
12. ထို့နောက် သရကုတ်မြို့၌ဆိုက်ကပ်လျက် သုံးရက်နေပြီးမှ
13. တစ်ဖန် ရွက်လွှင့်ပြန်ရာ ရေဂျုန်မြို့သို့ရောက်ကြ၏။ နောက်တစ်နေ့တွင် တောင်လေတိုက်လာသဖြင့် ဒုတိယနေ့၌ ပေါတယောလိမြို့သို့ရောက်ကြ၏။
14. ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ရှိလျှင် သူတို့သည် ငါတို့ကို ခုနစ်ရက်ခန့်နေထိုင်ရန် ဖိတ်ခေါ်ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ရောက်လာကြ၏။
15. ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။
16. ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
17. သုံးရက်လွန်သောအခါ ပေါလုသည် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များကိုဖိတ်ခေါ်၍ စုဝေးစေ၏။ သူတို့စုဝေးလာကြသောအခါ ပေါလုက “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ဓလေ့ထုံးစံများကိုလည်းကောင်း ဆန့်ကျင်သောအရာတစ်စုံတစ်ခုကိုမျှ မပြုခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် အကျဉ်းသားအဖြစ် ရောမလူမျိုးတို့လက်သို့ အပ်နှံခြင်းခံခဲ့ရသည်။
18. ရောမလူမျိုးတို့သည် အကျွန်ုပ်ကိုစစ်ဆေးကြရာ အကျွန်ုပ်၌ သေထိုက်သောပြစ်မှုမတွေ့သောကြောင့် အကျွန်ုပ်ကိုပြန်လွှတ်လိုကြသည်။
19. သို့ရာတွင် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသဖြင့် အကျွန်ုပ်သည် မလွဲသာ၍ ဆီဇာဧကရာဇ်ထံ အယူခံဝင်ရသည်။ အကျွန်ုပ်၏လူမျိုးကိုစွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍မဟုတ်ပါ။