33. မိုးလင်းလုနီးသောအခါ ပေါလုသည် အားလုံးတို့အား အစာစားကြရန် တိုက်တွန်းလျက် “သင်တို့သည် အစာမစားဘဲ ဆက်တိုက်အခြေအနေကိုစောင့်ကြည့်ကာ မည်သည့်အရာကိုမျှမစားခဲ့ သည်မှာ ယနေ့ တစ်ဆယ့်လေးရက်ရှိပါပြီ။
34. ထို့ကြောင့် အစာစားကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ ဤသည်ကား သင်တို့၏လွတ်မြောက်ခြင်းအတွက် ဖြစ်၏။ သင်တို့၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ ပျက်စီးမည်မဟုတ်”ဟု ဆိုလေ၏။
35. ဤသို့ဆိုပြီးနောက် ပေါလုသည် မုန့်ကိုယူ၍ အားလုံး၏ရှေ့တွင် ဘုရားသခင်အားကျေးဇူးတင်လျက် မုန့်ကိုဖဲ့၍စားလေ၏။
36. ထိုအခါ သူတို့အားလုံးသည်လည်း အားတက်လာ၍ အစာစားကြ၏။
37. သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ရှိ၏။
38. အစာကိုဝလင်စွာစားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချကြ၏။
39. မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေရှိသော ပင်လယ်ကွေ့တစ်ခုကိုမြင်ရ၍ ဖြစ်နိုင်လျှင် ထိုကမ်းခြေပေါ်သို့ သင်္ဘောကိုထိုးတင်ရန် တိုင်ပင်ကြံစည်ကြ၏။