တ​မန်​တော်​ဝတ္ထု 27:25-44 Myanmar Standard Bible (MSB)

25. သို့​ဖြစ်​၍ မိတ်​ဆွေ​တို့၊ အား​မ​ငယ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ပင် ဖြစ်​လိမ့်​မည်​ဟု ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်။

26. အ​ကျွန်ုပ်​တို့​သည် ကျွန်း​တစ်​ခု​တွင် သောင်​တင်​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

27. တစ်​ဆယ့်​လေး​ရက်​မြောက်​ည​ရောက်​သော​အ​ခါ ငါ​တို့​သည် အာ​ဒြိ​ပင်​လယ်​ထဲ​တွင်​မျော​ပါ​နေ​ကြ​စဉ် ည​သန်း​ခေါင်​အ​ချိန်​ခန့်​တွင် သင်္ဘော​သား​တို့​သည် ကမ်း​တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ထင်​မှတ်​၍

28. ရေ​ကို​တိုင်း​ကြည့်​ရာ အ​လံ​နှစ်​ဆယ်​နက်​ကြောင်း​တွေ့​ကြ​၏။ ထို့​နောက် အ​နည်း​ငယ်​ဆက်​သွား​၍ ပြန်​တိုင်း​ကြည့်​ရာ တစ်​ဆယ့်​ငါး​လံ​နက်​သည်​ကို​တွေ့​ကြ​၏။

29. သူ​တို့​သည် ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ ကျောက်​ဆူး​လေး​ခု​ကို​ချ​ပြီး မိုး​လင်း​ပါ​စေ​ဟု​ဆု​တောင်း​ကြ​၏။

30. သင်္ဘော​သား​များ​သည် သင်္ဘော​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​၍ သင်္ဘော​ဦး​ပိုင်း​တွင် ကျောက်​ဆူး​ချ​မည့်​ဟန်​ပြု​လျက် အ​သက်​ကယ်​လှေ​ကို ရေ​ထဲ​သို့​လျှော​ချ​နေ​ကြ​၏။

31. ပေါ​လု​က တပ်​မှူး​နှင့်​စစ်​သား​တို့​အား “သင်္ဘော​ပေါ်​တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်​မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။

32. ထို​အ​ခါ စစ်​သား​တို့​သည် အ​သက်​ကယ်​လှေ​၏​ကြိုး​များ​ကို​ခုတ်​ဖြတ်​၍ ၎င်း​တို့​ကို အောက်​သို့​ချ​လိုက်​ကြ​၏။

33. မိုး​လင်း​လု​နီး​သော​အ​ခါ ပေါ​လု​သည် အား​လုံး​တို့​အား အ​စာ​စား​ကြ​ရန် တိုက်​တွန်း​လျက် “သင်​တို့​သည် အ​စာ​မ​စား​ဘဲ ဆက်​တိုက်​အ​ခြေ​အ​နေ​ကို​စောင့်​ကြည့်​ကာ မည်​သည့်​အ​ရာ​ကို​မျှ​မ​စား​ခဲ့ သည်​မှာ ယ​နေ့ တစ်​ဆယ့်​လေး​ရက်​ရှိ​ပါ​ပြီ။

34. ထို့​ကြောင့် အ​စာ​စား​ကြ​ရန် သင်​တို့​အား အ​ကျွန်ုပ်​တိုက်​တွန်း​ပါ​သည်။ ဤ​သည်​ကား သင်​တို့​၏​လွတ်​မြောက်​ခြင်း​အ​တွက် ဖြစ်​၏။ သင်​တို့​၏​ဦး​ခေါင်း​မှ ဆံ​ပင်​တစ်​ပင်​မျှ ပျက်​စီး​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။

35. ဤ​သို့​ဆို​ပြီး​နောက် ပေါ​လု​သည် မုန့်​ကို​ယူ​၍ အား​လုံး​၏​ရှေ့​တွင် ဘု​ရား​သ​ခင်​အား​ကျေး​ဇူး​တင်​လျက် မုန့်​ကို​ဖဲ့​၍​စား​လေ​၏။

36. ထို​အ​ခါ သူ​တို့​အား​လုံး​သည်​လည်း အား​တက်​လာ​၍ အ​စာ​စား​ကြ​၏။

37. သင်္ဘော​ပေါ်​တွင် လူ​ပေါင်း​နှစ်​ရာ​ခု​နစ်​ဆယ့်​ခြောက်​ယောက်​ရှိ​၏။

38. အ​စာ​ကို​ဝ​လင်​စွာ​စား​ကြ​ပြီး​နောက် သင်္ဘော​ပေါ့​သွား​စေ​ရန် ဂျုံ​ဆန်​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။

39. မိုး​လင်း​သော​အ​ခါ မည်​သည့်​အ​ရပ်​ဒေ​သ​ဖြစ်​သည်​ကို မ​သိ​သော်​လည်း ကမ်း​ခြေ​ရှိ​သော ပင်​လယ်​ကွေ့​တစ်​ခု​ကို​မြင်​ရ​၍ ဖြစ်​နိုင်​လျှင် ထို​ကမ်း​ခြေ​ပေါ်​သို့ သင်္ဘော​ကို​ထိုး​တင်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

40. ထို့​နောက် ကျောက်​ဆူး​များ​ကို ပင်​လယ်​ထဲ​သို့​ဖြုတ်​ချ​ခဲ့​၍ တစ်​ချိန်​တည်း​၌​ပင် တက်​မ​ကြိုး​များ​ကို​ဖြေ​လျက် ရွက်​ကို​တင်​ပြီး ကမ်း​ခြေ​ဘက်​သို့​လွှင့်​သွား​ကြ​၏။

41. သို့​သော် သင်္ဘော​သည် ဒီ​ရေ​နှစ်​ကြောင်း​စု​ဆုံ​ရာ​သို့​ရောက်​သွား​၍ သောင်​တင်​သ​ဖြင့် သင်္ဘော​ဦး​သည် သောင်​၌​စိုက်​ပြီး လှုပ်​ရှား​၍​မ​ရ​တော့​ချေ။ ပဲ့​ပိုင်း​မှာ​မူ လှိုင်း​လုံး​များ​ရိုက်​ခတ်​သ​ဖြင့် ကျိုး​ပျက်​လေ​၏။

42. စစ်​သား​တို့​သည် အ​ကျဉ်း​သား​တစ်​စုံ​တစ်​ဦး​မျှ ရေ​ကူး​၍​မ​ထွက်​ပြေး​စေ​ရန် သူ​တို့​ကို​သတ်​မည်​ဟု​ကြံ​စည်​ကြ​၏။

43. သို့​သော် တပ်​မှူး​သည် ပေါ​လု​ကို​ကယ်​လို​သ​ဖြင့် သူ​တို့​၏​အ​ကြံ​အ​စည်​ကို​တား​မြစ်​ကာ ရေ​ကူး​တတ်​သူ​များ​သည် ဦး​စွာ​ခုန်​ချ​၍ ကမ်း​ပေါ်​သို့​ကူး​သွား​ကြ​ရန်​နှင့်

44. ကျန်​သော​သူ​တို့​သည် ပျဉ်​ပြား​ကို​ဖြစ်​စေ၊ သင်္ဘော​ထဲ​မှ​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ဖြစ်​စေ တွယ်​စီး​၍ ကူး​သွား​ကြ​ရန် အ​မိန့်​ပေး​လေ​၏။ ဤ​သို့​ဖြင့် အား​လုံး​သည် ဘေး​ကင်း​စွာ​ဖြင့် ကုန်း​ပေါ်​သို့​ရောက်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 27