20. ရက်ပေါင်းများစွာ နေနှင့်ကြယ်များကိုမတွေ့ရချေ။ မုန်တိုင်းသည်လည်း အရှိန်မလျော့ဘဲ တိုက်ခတ်လျက်ရှိသဖြင့် နောက်ဆုံးတွင် ငါတို့လွတ်မြောက်မည်ဟူသောမျှော်လင့်ချက်ရှိသမျှသည် ပျောက်ကွယ်သွားခဲ့လေ၏။
21. လူတို့သည် ကြာမြင့်စွာအစာမစားဘဲနေကြသောအခါ ပေါလုသည် သူတို့အလယ်၌ရပ်လျက် “အို မိတ်ဆွေတို့၊ သင်တို့သည် အကျွန်ုပ်၏စကားကိုနားထောင်၍ ကရေတေကျွန်းမှမထွက်ခွာဘဲ နေသင့်ပေသည်။ သို့ပြုလျှင် ဤဘေးအန္တရာယ်နှင့်ဆုံးရှုံးမှုတို့မှ ကင်းလွတ်ခဲ့ရကြပေလိမ့်မည်။
22. သို့သော် အားမငယ်ကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ အကြောင်းမူကား သင်တို့ထဲမှ တစ်စုံတစ်ဦးမျှ အသက်ဆုံးရှုံးရမည်မဟုတ်။ သင်္ဘောကိုသာ ဆုံးရှုံးရလိမ့်မည်။
23. အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
24. ‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
25. သို့ဖြစ်၍ မိတ်ဆွေတို့၊ အားမငယ်ကြနှင့်။ အကြောင်းမူကား အကျွန်ုပ်အားမိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်ယုံကြည်ပါသည်။
26. အကျွန်ုပ်တို့သည် ကျွန်းတစ်ခုတွင် သောင်တင်ရလိမ့်မည်”ဟု ဆိုလေ၏။
27. တစ်ဆယ့်လေးရက်မြောက်ညရောက်သောအခါ ငါတို့သည် အာဒြိပင်လယ်ထဲတွင်မျောပါနေကြစဉ် ညသန်းခေါင်အချိန်ခန့်တွင် သင်္ဘောသားတို့သည် ကမ်းတစ်ခုခုနှင့်နီးလာသည်ဟုထင်မှတ်၍
28. ရေကိုတိုင်းကြည့်ရာ အလံနှစ်ဆယ်နက်ကြောင်းတွေ့ကြ၏။ ထို့နောက် အနည်းငယ်ဆက်သွား၍ ပြန်တိုင်းကြည့်ရာ တစ်ဆယ့်ငါးလံနက်သည်ကိုတွေ့ကြ၏။
29. သူတို့သည် ကျောက်ဆောင်နှင့်တိုက်မိမည်ကိုစိုးရိမ်သဖြင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကိုချပြီး မိုးလင်းပါစေဟုဆုတောင်းကြ၏။
30. သင်္ဘောသားများသည် သင်္ဘောမှထွက်ပြေးရန်ကြိုးစား၍ သင်္ဘောဦးပိုင်းတွင် ကျောက်ဆူးချမည့်ဟန်ပြုလျက် အသက်ကယ်လှေကို ရေထဲသို့လျှောချနေကြ၏။
31. ပေါလုက တပ်မှူးနှင့်စစ်သားတို့အား “သင်္ဘောပေါ်တွင် ဤသူတို့သာမရှိလျှင် သင်တို့လွတ်မြောက်နိုင်မည်မဟုတ်”ဟု ပြောလေ၏။