1. ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။
2. ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
3. နောက်တစ်နေ့တွင် ငါတို့သည် ဆီဒုန်မြို့သို့ဆိုက်ကပ်ကြ၏။ ယုလိသည် ပေါလုကိုကြင်နာစွာဆက်ဆံလျက် မိတ်ဆွေများထံသွား၍ လုပ်ကျွေးပြုစုခြင်းခံယူခွင့်ကို ပေးလေ၏။
4. ထိုမြို့မှရွက်လွှင့်ကြသောအခါ လေဆန်ဖြစ်နေသဖြင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
5. ထို့နောက် ဆီလီဆီးယားပြည်နှင့်ပံဖုလိပြည်၏ပင်လယ်ပြင်ကို ရွက်လွှင့်ပြီး လုကိပြည်၊ မုရမြို့သို့ရောက်ကြ၏။
6. ထိုမြို့တွင် တပ်မှူးသည် အီတလီပြည်သို့ရွက်လွှင့်မည့် အလက်ဇန္ဒြိယသင်္ဘောကိုတွေ့၍ ငါတို့အား ထိုသင်္ဘောပေါ်သို့တက်စေ၏။
7. ရက်ပေါင်းများစွာ တစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
8. ကမ်းရိုးတန်းတစ်လျှောက် ခက်ခဲစွာရွက်လွှင့်သွားပြီးနောက် လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟုခေါ်သောအရပ်သို့ရောက်ကြ၏။
9. အချိန်များစွာကြာလာ၍ အစာရှောင်ရာနေ့သည်လည်း လွန်ခဲ့ပြီဖြစ်သောကြောင့် ပင်လယ်ခရီးသည် ဘေးအန္တရာယ်ရှိလာသဖြင့် ပေါလုသည် သူတို့အား သတိပေးကာ
10. “မိတ်ဆွေတို့၊ ဤပင်လယ်ခရီးတွင် သင်္ဘောနှင့်ကုန်ပစ္စည်းအပေါ်၌သာမက အကျွန်ုပ်တို့၏အသက်အပေါ်၌ပင် ဘေးအန္တရာယ်နှင့်များစွာသောဆုံးရှုံးမှု ကျရောက်လာလိမ့်မည်ဟု အကျွန်ုပ်တွေ့မြင်ရသည်”ဟူ၍ ဆိုလေ၏။
11. သို့သော် တပ်မှူးသည် ပေါလုပြောဆိုသောစကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့ကို ပို၍ယုံ၏။
12. ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။
13. တောင်လေဖြည်းညင်းစွာတိုက်ခတ်လာသောအခါ သူတို့သည် အကြံအစည်အောင်မြင်ပြီဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ်ပြီးလျှင် ကရေတေကျွန်း၏ကမ်းခြေကိုကပ်၍ ရွက်လွှင့်ကြ၏။