23. သူတို့ဟောပြောခဲ့သည့်အရာမှာ ခရစ်တော်သည် ဝေဒနာခံစားရလျက် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်ခြင်းအားဖြင့် အစ္စရေးလူမျိုးနှင့် လူမျိုးခြားတို့ထံ အလင်းတရားကိုဟောပြောတော်မူမည်ဟူသည့်အကြောင်း ဖြစ်ပါသည်”ဟု ချေပပြောဆိုလေ၏။
24. ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
25. သို့သော် ပေါလုက “မြတ်သောဖေတ္တုမင်း၊ အကျွန်ုပ်မရူးသွပ်ပါ။ မှန်ကန်၍ သင့်မြတ်သောစကားတို့ကို ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။
26. အဂြိပ္ပမင်းကြီးသည် ဤအကြောင်းအရာများကို သိတော်မူသည်ဖြစ်၍ ရှေ့တော်၌ ရဲရင့်စွာပြောဆိုနေခြင်းဖြစ်ပါသည်။ ဤအရာများသည် ဆိတ်ကွယ်ရာအရပ်၌ဖြစ်ပျက်ခဲ့သည့်အရာမဟုတ်သောကြောင့် ၎င်းတို့ထဲမှ မင်းကြီးမသိသောအရာတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု အကျွန်ုပ်ထင်မြင်ပါသည်။
27. အဂြိပ္ပမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်တော်မူပါသလော။ ယုံကြည်တော်မူကြောင်း အကျွန်ုပ်သိပါသည်”ဟု လျှောက်လေ၏။
28. ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် တိုတောင်းသောအချိန်အတွင်း၌ ငါ့ကိုခရစ်ယာန်ဖြစ်အောင် စည်းရုံးနေပါတကား”ဟု ပေါလုအား ဆိုလေ၏။
29. ပေါလုကလည်း “တိုတောင်းသောအချိန်အတွင်းဖြစ်စေ၊ ကြာရှည်သောအချိန်အတွင်းဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့ အကျွန်ုပ်၏စကားကိုနားထောင်သူအပေါင်းတို့သည်လည်း ဤချည်နှောင်ခြင်းမှတစ်ပါး အကျွန်ုပ်ကဲ့သို့ဖြစ်လာကြရန် ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းပါသည်”ဟု လျှောက်လေ၏။
30. ထိုအခါ မင်းကြီးနှင့်ဘုရင်ခံတို့သည်ထပြီး မိဖုရားဗေရနိတ်မှစ၍ သူတို့နှင့်အတူထိုင်နေသောသူတို့သည်လည်း ထကြ၏။
31. သူတို့သည် ထွက်ခွာသွားပြီးနောက် “ဤသူသည် သေဒဏ် သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအရာ တစ်စုံတစ်ခုမျှ မပြုခဲ့ပါ”ဟု အချင်းချင်းပြောဆိုကြ၏။
32. အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။