17. ငါသည် ဂျူးလူမျိုး၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်မည်။ ထိုသူတို့ထံသို့သင့်ကို ငါစေလွှတ်၏။
18. ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
19. ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
20. ဦးစွာ ဒမတ်စကပ်မြို့၌ရှိသောသူတို့ကိုလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်နယ်လုံး၌ရှိသောသူတို့ကိုလည်းကောင်း၊ လူမျိုးခြားတို့ကိုလည်းကောင်း နောင်တရ၍ ဘုရားသခင်ထံပြောင်းလဲကာ နောင်တနှင့်ထိုက်တန်သောအမှုများကို ပြုကြရန် ဟောပြောခဲ့ပါသည်။
21. ဤအကြောင်းများကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်၌ဖမ်းဆီး၍ သတ်ရန်ကြိုးစားခဲ့ကြသည်။
22. သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
23. သူတို့ဟောပြောခဲ့သည့်အရာမှာ ခရစ်တော်သည် ဝေဒနာခံစားရလျက် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်ခြင်းအားဖြင့် အစ္စရေးလူမျိုးနှင့် လူမျိုးခြားတို့ထံ အလင်းတရားကိုဟောပြောတော်မူမည်ဟူသည့်အကြောင်း ဖြစ်ပါသည်”ဟု ချေပပြောဆိုလေ၏။
24. ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
25. သို့သော် ပေါလုက “မြတ်သောဖေတ္တုမင်း၊ အကျွန်ုပ်မရူးသွပ်ပါ။ မှန်ကန်၍ သင့်မြတ်သောစကားတို့ကို ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။
26. အဂြိပ္ပမင်းကြီးသည် ဤအကြောင်းအရာများကို သိတော်မူသည်ဖြစ်၍ ရှေ့တော်၌ ရဲရင့်စွာပြောဆိုနေခြင်းဖြစ်ပါသည်။ ဤအရာများသည် ဆိတ်ကွယ်ရာအရပ်၌ဖြစ်ပျက်ခဲ့သည့်အရာမဟုတ်သောကြောင့် ၎င်းတို့ထဲမှ မင်းကြီးမသိသောအရာတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု အကျွန်ုပ်ထင်မြင်ပါသည်။
27. အဂြိပ္ပမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်တော်မူပါသလော။ ယုံကြည်တော်မူကြောင်း အကျွန်ုပ်သိပါသည်”ဟု လျှောက်လေ၏။
28. ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် တိုတောင်းသောအချိန်အတွင်း၌ ငါ့ကိုခရစ်ယာန်ဖြစ်အောင် စည်းရုံးနေပါတကား”ဟု ပေါလုအား ဆိုလေ၏။
29. ပေါလုကလည်း “တိုတောင်းသောအချိန်အတွင်းဖြစ်စေ၊ ကြာရှည်သောအချိန်အတွင်းဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့ အကျွန်ုပ်၏စကားကိုနားထောင်သူအပေါင်းတို့သည်လည်း ဤချည်နှောင်ခြင်းမှတစ်ပါး အကျွန်ုပ်ကဲ့သို့ဖြစ်လာကြရန် ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းပါသည်”ဟု လျှောက်လေ၏။
30. ထိုအခါ မင်းကြီးနှင့်ဘုရင်ခံတို့သည်ထပြီး မိဖုရားဗေရနိတ်မှစ၍ သူတို့နှင့်အတူထိုင်နေသောသူတို့သည်လည်း ထကြ၏။