11. ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
12. ဤသို့ဖြင့် အကျွန်ုပ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများ၏ခွင့်ပြုချက်နှင့်အခွင့်အာဏာတို့ပါလျက် ဒမတ်စကပ်မြို့သို့သွားစဉ်
13. မွန်းတည့်ချိန်တွင် လမ်း၌ နေရောင်ခြည်ထက်မကတောက်ပသော ကောင်းကင်မှအလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူခရီးသွားသူများပတ်လည်တွင် ထွန်းလင်းသည်ကို အကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။
14. အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားရာ ဟေဗြဲဘာသာစကားဖြင့် ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း။ တုတ်ချွန်ကိုကန်ရန် သင့်အတွက်ခက်၏’ဟု အကျွန်ုပ်အားပြောသောအသံကို အကျွန်ုပ်ကြားရပါသည်။
15. ထိုအခါ အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှောက်လျှင် သခင်ဘုရားက ‘ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
16. သင်သည်ထ၍ သင့်ခြေဖြင့်မတ်တတ်ရပ်လော့။ ငါသည် သင့်ထံထင်ရှားသည်မှာ ငါ့ကိုသင်မြင်ရသည့်အကြောင်းနှင့် သင့်အား ငါထင်ရှားပြမည့်အရာများအတွက် သင့်ကို အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း ခန့်ထားရန်ဖြစ်၏။
17. ငါသည် ဂျူးလူမျိုး၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်မည်။ ထိုသူတို့ထံသို့သင့်ကို ငါစေလွှတ်၏။
18. ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
19. ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
20. ဦးစွာ ဒမတ်စကပ်မြို့၌ရှိသောသူတို့ကိုလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်နယ်လုံး၌ရှိသောသူတို့ကိုလည်းကောင်း၊ လူမျိုးခြားတို့ကိုလည်းကောင်း နောင်တရ၍ ဘုရားသခင်ထံပြောင်းလဲကာ နောင်တနှင့်ထိုက်တန်သောအမှုများကို ပြုကြရန် ဟောပြောခဲ့ပါသည်။