2. ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များသည် သူ့ထံ ပေါလုကို တရားစွဲဆိုလျက်
3. မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။
4. ထိုအခါ ဖေတ္တုမင်းက ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းထားခြင်းခံရပြီး သူကိုယ်တိုင်လည်း မကြာမီပြန်သွားရန် ရည်ရွယ်ထားကြောင်း ဖြေကြားပြီးလျှင်
5. “ထို့ကြောင့် သင်တို့တွင် ဩဇာရှိသောသူတို့သည် ငါနှင့်အတူလိုက်ခဲ့၍ ထိုလူ၌ အပြစ်တစ်စုံတစ်ရာရှိလျှင် သူ့ကို စွဲဆိုကြပါစေ”ဟု ပြောဆိုလေ၏။
6. ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။
7. ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
8. ပေါလုကလည်း “အကျွန်ုပ်သည် ဂျူးလူမျိုးတို့၏ပညတ်တရားကိုလည်းကောင်း၊ ဗိမာန်တော်ကိုလည်းကောင်း၊ ဆီဇာဧကရာဇ်ကိုလည်းကောင်း တစ်စုံတစ်ခုမျှ မပြစ်မှားခဲ့ပါ”ဟု ချေပပြောဆို၏။
9. ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။
10. သို့သော် ပေါလုက “အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏တရားခွင်၌ ရပ်နေသည်ဖြစ်၍ ထိုနေရာတွင် အကျွန်ုပ်ကို စစ်ဆေးစီရင်သင့်ပါသည်။ အရှင်လည်း ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။
11. အကယ်၍ အကျွန်ုပ်သည်ပြစ်မှားပြီး သေဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ခုကို ပြုမိခဲ့ပါက သေရမည်ကို အကျွန်ုပ်မငြင်းပါ။ သို့သော် အကျွန်ုပ်ကို ဤသူတို့စွပ်စွဲနေသောအရာများသည် တစ်စုံတစ်ခုမျှ မဟုတ်မမှန်လျှင် မည်သူမျှ အကျွန်ုပ်ကို သူတို့လက်သို့ မအပ်နိုင်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်ပါမည်”ဟု လျှောက်လေ၏။
12. ထိုအခါ ဖေတ္တုမင်းသည် အတိုင်ပင်ခံများနှင့်တိုင်ပင်ပြီးနောက် “သင်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်သည်ဖြစ်၍ ဆီဇာဧကရာဇ်ထံသို့ သွားရမည်”ဟု ပြန်ဖြေလေ၏။