13. ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
14. သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြသဖြင့် ဖေတ္တုမင်းသည် ပေါလုနှင့်ပတ်သက်သောအမှုများကို မင်းကြီးအားတင်ပြလျက် “ဖေလဇ်မင်းထားရစ်ခဲ့သော အကျဉ်းသားတစ်ဦးရှိပါသည်။
15. ဂျေရုဆလင်မြို့သို့ အကျွန်ုပ်ရောက်စဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးတို့သည် သူ့ကို တရားစွဲဆိုလျက် သူ့အပေါ်အပြစ်ဒဏ်ပေးရန် တောင်းဆိုကြပါသည်။
16. သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
17. ထို့ကြောင့် ဤမြို့သို့ သူတို့စုဝေးရောက်ရှိလာကြသောအခါ အကျွန်ုပ်သည် မဆိုင်းမငံ့ဘဲ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ထိုသူကိုခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ပါသည်။
18. သူ့ကိုစွပ်စွဲသောသူများထကြသောအခါ အကျွန်ုပ်ထင်မှတ်သလောက် ဆိုးသောပြစ်မှုမျိုးကို မတင်ပြခဲ့ကြပါ။
19. သူတို့၏ပြဿနာမှာ သူတို့၏ဘာသာတရားနှင့်ပတ်သက်သောအရာအချို့နှင့် အသက်ရှင်လျက်ရှိသည်ဟု ပေါလုပြောဆိုသည့် သေလွန်ပြီးသော ယေရှုဆိုသူတစ်ဦးနှင့်ပတ်သက်သည့် အရာများသာ ဖြစ်ပါသည်။
20. အကျွန်ုပ်သည် ဤအရာများနှင့်ဆိုင်သည့် အငြင်းပွားမှုအတွက် တွေးမရဖြစ်နေသဖြင့် ပေါလုအား ‘ဂျေရုဆလင်မြို့သို့သွား၍ ထိုမြို့တွင် ဤစွပ်စွဲချက်များအတွက် စစ်ဆေးစီရင်ခံလိုသလော’ဟု မေးပါသည်။
21. သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။