2. ပေါလုကိုခေါ်ထုတ်လာသောအခါ တေရတုလုသည် သူ့ကို စတင်စွပ်စွဲ၍ လျှောက်ထားသည်မှာ “မြတ်သောဖေလဇ်မင်း၊ အရှင့်အားဖြင့် အကျွန်ုပ်တို့သည် များစွာသောငြိမ်းချမ်းမှုကိုခံစားရလျက် အရှင်၏အမြော်အမြင်ကြောင့် ဤတိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်နေပါသည်။
3. အကျွန်ုပ်တို့သည် ဤဆောင်ရွက်မှုများကို နေရာတိုင်း၌ အစဉ်အမြဲ အထူးကျေးဇူးတင်စွာဖြင့် ကြိုဆိုကြပါသည်။
4. သို့ဖြစ်၍ အကျွန်ုပ်သည် အရှင့်ကို ကြာမြင့်စွာအနှောင့်အယှက်မပေးမိစေရန် အကျွန်ုပ်တို့၏အကျဉ်းချုပ်လျှောက်ထားချက်ကို ကျေးဇူးပြု၍နားထောင်ပေးပါရန် ပန်ကြားအပ်ပါသည်။
5. ပြဿနာကိုသာဖန်တီးလေ့ရှိသောဤသူသည် ကမ္ဘာအရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့၌ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်နေသူဖြစ်ပြီး နာဇရက်ဂိုဏ်းကွဲ၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
6. သူသည် ဗိမာန်တော်ကိုလည်း မတော်မလျော်ပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီးခဲ့ပါသည်။
7. [ထို့နောက် သူ့ကို အကျွန်ုပ်တို့၏ပညတ်တရားအတိုင်း စီရင်မည်ပြုစဉ် တပ်မှူးကြီးလုသိသည် ဝင်လာ၍ သူ့ကို အကျွန်ုပ်တို့လက်ထဲမှ မရမကခေါ်ယူသွားပြီး သူ့ကိုစွပ်စွဲသောသူတို့အား အရှင့်ထံသို့လာရန် အမိန့်ပေးခဲ့ပါသည်။]
8. ဤအကြောင်းအရာအားလုံးနှင့်ပတ်သက်၍ အရှင်ကိုယ်တိုင် သူ့ကိုစစ်ဆေးလျှင် သူ့အပေါ် အကျွန်ုပ်တို့စွပ်စွဲနေသည့်အချက်များကို သိမြင်နိုင်ပါလိမ့်မည်”ဟု ဆိုလေ၏။
9. ဂျူးလူမျိုးတို့ကလည်း ဤအကြောင်းအရာများမှန်ကန်ပါသည်ဟုဆိုလျက် ဝိုင်းဝန်းထောက်ခံကြ၏။
10. ထိုအခါ ဘုရင်ခံသည် ပေါလုအား ပြောဆိုရန်အချက်ပြသဖြင့် ပေါလုက “အရှင်သည် ဤလူမျိုးကို နှစ်ပေါင်းများစွာတရားစီရင်သူဖြစ်ကြောင်းသိလျက် အကျွန်ုပ်အမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စွာချေပပြောဆိုပါသည်။
11. အကျွန်ုပ်သည် ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့တက်သွားခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်ထက်မပိုသေးကြောင်း အရှင်စုံစမ်းသိရှိနိုင်ပါသည်။
12. အကျွန်ုပ်သည် ဗိမာန်တော်၌ဖြစ်စေ၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ဖြစ်စေ၊ မြို့ထဲ၌ဖြစ်စေ တစ်စုံတစ်ဦးနှင့် အချေအတင်ပြောဆိုနေသည်ကိုလည်းကောင်း၊ လူတို့အား အုံကြွအောင်ပြုနေသည်ကိုလည်းကောင်း သူတို့မတွေ့ကြပါ။
13. ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။
14. သို့သော် အကျွန်ုပ်သည် ဂိုဏ်းကွဲဟု သူတို့ခေါ်ဝေါ်သော တရားလမ်းအတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ကို ဝတ်ပြုနေကြောင်း အရှင့်ရှေ့၌ဝန်ခံပါသည်။ အကျွန်ုပ်သည် ပညတ်တရားနှင့်ညီသောအရာများနှင့် ပရောဖက်ကျမ်းများတွင် ရေးထားသောအရာရှိသမျှတို့ကို ယုံကြည်လျက်
15. သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။
16. ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။