19. သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးအချို့ရှိကြပါသည်။ သူတို့သည် အကျွန်ုပ်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် အရှင့်ရှေ့၌ ကိုယ်တိုင်လာ၍ စွဲဆိုသင့်ပါသည်။
20. သို့မဟုတ် အကျွန်ုပ်သည် တရားလွှတ်တော်ရှေ့၌ရပ်နေစဉ် အကျွန်ုပ်၌ မည်သည့်ပြစ်မှုကို သူတို့တွေ့ရှိကြောင်း ယခုရှိသောဤသူတို့ကိုယ်တိုင် ထွက်ဆိုကြပါစေ။
21. အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ သင်တို့ရှေ့၌ စစ်ဆေးစီရင်ခံနေရပါသည်’ဟူသောစကားတစ်ခွန်းကိုသာ ကြွေးကြော်ခဲ့ပါသည်”ဟု ဆိုလေ၏။
22. ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။
23. ပေါလုကိုမူကား စောင့်ကြပ်ထားရန်နှင့် လွတ်လပ်မှုကိုအနည်းအကျဉ်းပေး၍ သူ၏အပေါင်းအဖော်များ သူ့ကိုပြုစုမည်ကို မတားဆီးရန် တပ်မှူးအား မှာကြားလေ၏။
24. ရက်အနည်းငယ်ကြာပြီးနောက် ဖေလဇ်မင်းသည် ဂျူးအမျိုးသမီးဖြစ်သော မိမိဇနီးဒြုသိလေနှင့်အတူရောက်လာ၍ ပေါလုကိုဆင့်ခေါ်လျက် ခရစ်တော်ယေရှုအားယုံကြည်ခြင်းအကြောင်းကို သူ့ထံမှနားထောင်လေ၏။
25. သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
26. တစ်ချိန်တည်းမှာပင် ပေါလုသည် သူ့ကို လာဘ်ငွေပေးလိမ့်မည်ဟုလည်း မျှော်လင့်သောကြောင့် သူသည် ပေါလုကိုမကြာခဏခေါ်၍ စကားပြောဆိုလေ၏။
27. နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။