10. ထိုအခါ ဘုရင်ခံသည် ပေါလုအား ပြောဆိုရန်အချက်ပြသဖြင့် ပေါလုက “အရှင်သည် ဤလူမျိုးကို နှစ်ပေါင်းများစွာတရားစီရင်သူဖြစ်ကြောင်းသိလျက် အကျွန်ုပ်အမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စွာချေပပြောဆိုပါသည်။
11. အကျွန်ုပ်သည် ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့တက်သွားခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်ထက်မပိုသေးကြောင်း အရှင်စုံစမ်းသိရှိနိုင်ပါသည်။
12. အကျွန်ုပ်သည် ဗိမာန်တော်၌ဖြစ်စေ၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ဖြစ်စေ၊ မြို့ထဲ၌ဖြစ်စေ တစ်စုံတစ်ဦးနှင့် အချေအတင်ပြောဆိုနေသည်ကိုလည်းကောင်း၊ လူတို့အား အုံကြွအောင်ပြုနေသည်ကိုလည်းကောင်း သူတို့မတွေ့ကြပါ။
13. ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။
14. သို့သော် အကျွန်ုပ်သည် ဂိုဏ်းကွဲဟု သူတို့ခေါ်ဝေါ်သော တရားလမ်းအတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ကို ဝတ်ပြုနေကြောင်း အရှင့်ရှေ့၌ဝန်ခံပါသည်။ အကျွန်ုပ်သည် ပညတ်တရားနှင့်ညီသောအရာများနှင့် ပရောဖက်ကျမ်းများတွင် ရေးထားသောအရာရှိသမျှတို့ကို ယုံကြည်လျက်
15. သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။
16. ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
17. ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။
18. ဗိမာန်တော်၌ သန့်ရှင်းစင်ကြယ်စေခြင်းခံယူပြီးသောအကျွန်ုပ်ကို သူတို့တွေ့မြင်သည့်အချိန်တွင် လူအစုအဝေးမရှိ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလည်း မရှိခဲ့ပါ။
19. သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးအချို့ရှိကြပါသည်။ သူတို့သည် အကျွန်ုပ်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် အရှင့်ရှေ့၌ ကိုယ်တိုင်လာ၍ စွဲဆိုသင့်ပါသည်။