16. သို့သော် ပေါလုနှမ၏သားသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့်အစီအစဉ်ကိုကြားလျှင် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
17. ထိုအခါ ပေါလုသည် တပ်မှူးတစ်ယောက်ကိုခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအား ပြောပြစရာတစ်စုံတစ်ခုရှိပါသဖြင့် သူ့ကို တပ်မှူးကြီးထံ ခေါ်သွားပေးပါ”ဟု ဆိုလေ၏။
18. ထို့ကြောင့် တပ်မှူးသည် သူ့ကိုခေါ်ဆောင်၍ တပ်မှူးကြီးထံသို့ သွားပြီးလျှင် “အကျဉ်းသားပေါလုက အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်ကို အရှင့်ထံခေါ်လာရန် တောင်းဆိုပါသည်။ သူ၌ အရှင့်ထံလျှောက်ထားစရာ တစ်စုံတစ်ခုရှိပါသည်”ဟု လျှောက်လေ၏။
19. တပ်မှူးကြီးသည် ထိုလူငယ်၏လက်ကိုဆွဲ၍ သီးသန့်ခေါ်ထုတ်သွားကာ “ငါ့ကိုပြောပြစရာရှိသည့်အရာကား မည်သည့်အရာနည်း”ဟု မေးမြန်းလေ၏။
20. ထိုလူငယ်ကလည်း “ဂျူးလူမျိုးတို့သည် ပေါလုကို ပို၍တိကျစွာမေးမြန်းလိုဟန်ပြုလျက် မနက်ဖြန် သူ့ကို တရားလွှတ်တော်ထံသို့ခေါ်ဆောင်သွားရန် အရှင့်အား တောင်းဆိုမည်ဟုသဘောတူဆုံးဖြတ်ထားကြပါသည်။
21. သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
22. ထိုအခါ တပ်မှူးကြီးက “ဤအရာများကို ငါ့အား သင်ပြောပြကြောင်း မည်သူ့ကိုမျှ မပြောနှင့်”ဟု အမိန့်ပေးပြီးလျှင် ထိုလူငယ်ကို ပြန်လွှတ်လိုက်လေ၏။
23. ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
24. ပေါလုစီးနင်းရန် တိရစ္ဆာန်များကိုလည်း အသင့်ပြင်ထားလျက် သူ့ကို ဘုရင်ခံဖေလဇ်မင်းထံ ဘေးကင်းစွာပို့ဆောင်လော့”ဟု မှာကြားလေ၏။
25. ထို့နောက် စာကို ဤသို့ရေးပို့လိုက်လေ၏။
26. “ကလောဒိလုသိသည် မြတ်သောဘုရင်ခံဖေလဇ်မင်းကို နှုတ်ခွန်းဆက်သလိုက်ပါသည်။
27. ဂျူးလူမျိုးတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း ကြားသိရသဖြင့် အကျွန်ုပ်သည် စစ်သားများနှင့်အတူသွား၍ သူ့ကို ကယ်ခဲ့ပါသည်။