တ​မန်​တော်​ဝတ္ထု 23:11-30 Myanmar Standard Bible (MSB)

11. ထို​ည​၌ သ​ခင်​ဘု​ရား​သည် ပေါ​လု​ထံ​ပါး​၌​ပေါ်​လာ​၍ “မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​ခဲ့​သည်​နည်း​တူ ရော​မ​မြို့​၌​လည်း သက်​သေ​ခံ​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

12. မိုး​လင်း​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ပူး​ပေါင်း​ကြံ​စည်​လျက် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​ရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်​ဆို​ကြ​၏။

13. ဤ​လျှို့​ဝှက်​ကြံ​စည်​မှု​တွင်​ပါ​ဝင်​သော​သူ​များ​သည် အ​ယောက်​လေး​ဆယ်​ကျော်​ရှိ​ကြ​၏။

14. သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​များ​ထံ ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့်​အ​စာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အ​လေး​အ​နက်​ကျိန်​ဆို​ထား​ကြ​ပါ​သည်။

15. သို့​ဖြစ်​၍ ယ​ခု အ​ရှင်​တို့​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​နှင့်​အ​တူ ပေါ​လု​၏​အ​မှု​ကို ပို​၍​တိ​ကျ​စွာ​စစ်​ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အ​ရှင်​တို့​ထံ​သို့​ခေါ်​ဆောင်​လာ​ရန်​တပ်​မှူး​ကြီး​အား လျှောက်​ထား​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည် ဤ​နေ​ရာ​သို့ သူ​မ​ရောက်​လာ​မီ သူ့​ကို​သတ်​ရန် အ​သင့်​ရှိ​နေ​ပါ​မည်”​ဟု ပြော​ကြား​ကြ​၏။

16. သို့​သော် ပေါ​လု​နှ​မ​၏​သား​သည် ထို​ချောင်း​မြောင်း​သတ်​ဖြတ်​မည့်​အ​စီ​အ​စဉ်​ကို​ကြား​လျှင် စ​ခန်း​ထဲ​သို့​ဝင်​၍ ပေါ​လု​အား ပြော​ပြ​လေ​၏။

17. ထို​အ​ခါ ပေါ​လု​သည် တပ်​မှူး​တစ်​ယောက်​ကို​ခေါ်​၍ “ဤ​လူ​ငယ်​သည် တပ်​မှူး​ကြီး​အား ပြော​ပြ​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ပါ​သ​ဖြင့် သူ့​ကို တပ်​မှူး​ကြီး​ထံ ခေါ်​သွား​ပေး​ပါ”​ဟု ဆို​လေ​၏။

18. ထို့​ကြောင့် တပ်​မှူး​သည် သူ့​ကို​ခေါ်​ဆောင်​၍ တပ်​မှူး​ကြီး​ထံ​သို့ သွား​ပြီး​လျှင် “အ​ကျဉ်း​သား​ပေါ​လု​က အ​ကျွန်ုပ်​ကို​ခေါ်​၍ ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​ခေါ်​လာ​ရန် တောင်း​ဆို​ပါ​သည်။ သူ​၌ အ​ရှင့်​ထံ​လျှောက်​ထား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

19. တပ်​မှူး​ကြီး​သည် ထို​လူ​ငယ်​၏​လက်​ကို​ဆွဲ​၍ သီး​သန့်​ခေါ်​ထုတ်​သွား​ကာ “ငါ့​ကို​ပြော​ပြ​စ​ရာ​ရှိ​သည့်​အ​ရာ​ကား မည်​သည့်​အ​ရာ​နည်း”​ဟု မေး​မြန်း​လေ​၏။

20. ထို​လူ​ငယ်​က​လည်း “ဂျူး​လူ​မျိုး​တို့​သည် ပေါ​လု​ကို ပို​၍​တိ​ကျ​စွာ​မေး​မြန်း​လို​ဟန်​ပြု​လျက် မ​နက်​ဖြန် သူ့​ကို တ​ရား​လွှတ်​တော်​ထံ​သို့​ခေါ်​ဆောင်​သွား​ရန် အ​ရှင့်​အား တောင်း​ဆို​မည်​ဟု​သ​ဘော​တူ​ဆုံး​ဖြတ်​ထား​ကြ​ပါ​သည်။

21. သို့​ရာ​တွင် သူ​တို့​ကို မ​လိုက်​လျော​ပါ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​ထဲ​မှ လူ​လေး​ဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်း​မြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်​ဆို​ထား​ကြ​ပါ​သည်။ ယ​ခု​ပင် သူ​တို့​သည် အ​သင့်​ရှိ​လျက် အ​ရှင်​၏​သ​ဘော​တူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

22. ထို​အ​ခါ တပ်​မှူး​ကြီး​က “ဤ​အ​ရာ​များ​ကို ငါ့​အား သင်​ပြော​ပြ​ကြောင်း မည်​သူ့​ကို​မျှ မ​ပြော​နှင့်”​ဟု အ​မိန့်​ပေး​ပြီး​လျှင် ထို​လူ​ငယ်​ကို ပြန်​လွှတ်​လိုက်​လေ​၏။

23. ထို့​နောက် တပ်​မှူး​ကြီး​သည် တပ်​မှူး​နှစ်​ဦး​ကို​ခေါ်​၍ “ည​ကိုး​နာ​ရီ​အ​ချိန်​၌ ဆီ​ဇာ​ရီး​ယား​မြို့​သို့​သွား​ရန် စစ်​သား​နှစ်​ရာ၊ လှံ​တပ်​သား​နှစ်​ရာ​နှင့် မြင်း​တပ်​သား​ခု​နစ်​ဆယ်​တို့​ကို ပြင်​ဆင်​ကြ​လော့။

24. ပေါ​လု​စီး​နင်း​ရန် တိ​ရစ္ဆာန်​များ​ကို​လည်း အ​သင့်​ပြင်​ထား​လျက် သူ့​ကို ဘု​ရင်​ခံ​ဖေ​လဇ်​မင်း​ထံ ဘေး​ကင်း​စွာ​ပို့​ဆောင်​လော့”​ဟု မှာ​ကြား​လေ​၏။

25. ထို့​နောက် စာ​ကို ဤ​သို့​ရေး​ပို့​လိုက်​လေ​၏။

26. “က​လော​ဒိ​လု​သိ​သည် မြတ်​သော​ဘု​ရင်​ခံ​ဖေ​လဇ်​မင်း​ကို နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။

27. ဂျူး​လူ​မျိုး​တို့​သည် ဤ​သူ​ကို​ဖမ်း​ဆီး​၍ သတ်​မည်​ပြု​စဉ် သူ​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြောင်း ကြား​သိ​ရ​သ​ဖြင့် အ​ကျွန်ုပ်​သည် စစ်​သား​များ​နှင့်​အ​တူ​သွား​၍ သူ့​ကို ကယ်​ခဲ့​ပါ​သည်။

28. သူ​တို့​သည် မည်​သည့်​ပြစ်​မှု​ဖြင့် သူ့​ကို​စွဲ​ဆို​ကြ​ကြောင်း​သိ​လို​၍ သူ​တို့​၏​တ​ရား​လွှတ်​တော်​ထံ​သို့ သူ့​ကို​ခေါ်​ဆောင်​သွား​ခဲ့​ရာ

29. သူ​သည် သူ​တို့​၏​ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​ပြဿ​နာ​များ​အ​တွက် စွဲ​ဆို​ခံ​နေ​ရ​ခြင်း​ဖြစ်​ပြီး သေ​ဒဏ် သို့​မ​ဟုတ် အ​ချုပ်​အ​နှောင်​ခံ​ထိုက်​သော​အ​ပြစ်​မ​ရှိ​ကြောင်း အ​ကျွန်ုပ်​တွေ့​ရ​ပါ​သည်။

30. သို့​သော် သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ဟု သ​တင်း​ရ​သ​ဖြင့် အ​ကျွန်ုပ်​သည် အ​ရှင့်​ထံ​သို့ သူ့​ကို ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​သည်။ စွပ်​စွဲ​သော​သူ​တို့​အား​လည်း သူ့​အ​ပေါ်​စွပ်​စွဲ​ချက်​များ​ကို အ​ရှင့်​ထံ တင်​ပြ​လျှောက်​ထား​ကြ​ရန် ညွှန်​ကြား​ထား​ပါ​သည်။”

တ​မန်​တော်​ဝတ္ထု 23