16. ယခုမှာ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထလျက် ကိုယ်တော်၏နာမတော်ကို ပတ္ထနာပြု၍ ဗတ္တိဇံခံပြီး သင်၏အပြစ်များကိုဆေးကြောလော့’ဟု ဆိုလေ၏။
17. ထို့နောက် အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ပြန်လာပြီး ဗိမာန်တော်၌ဆုတောင်းနေစဉ် အာရုံမှုန်ဝါးတွေဝေ၍
18. သခင်ဘုရားကိုမြင်ရပါသည်။ ကိုယ်တော်က ‘လူတို့သည် ငါနှင့်ပတ်သက်သော သင်၏သက်သေခံချက်ကို လက်ခံကြလိမ့်မည်မဟုတ်သောကြောင့် မဆိုင်းငံ့ဘဲ ဂျေရုဆလင်မြို့မှ အမြန်ထွက်သွားလော့’ဟု အကျွန်ုပ်အား မိန့်တော်မူသည်။
19. အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော့်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။
20. ထို့ပြင် ကိုယ်တော်၏သက်သေဖြစ်သည့် သတေဖန်ကို သွေးမြေကျစေသောအခါ အကျွန်ုပ်ကိုယ်တိုင်သည်လည်း အနီး၌ရပ်နေ၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ပေးခဲ့ပါ၏’ဟု လျှောက်ပါသည်။
21. ထိုအခါ ကိုယ်တော်က ‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
22. လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
23. လူတို့သည် ထိုသို့အော်ဟစ်လျက် အဝတ်များကိုဝှေ့ယမ်းကာ မြေမှုန့်ကို လေထဲသို့ပစ်လွှင့်ကြစဉ်
24. တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေး၍ လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်လျက် ထိုသို့အော်ဟစ်ကြသည်ကို သိရှိရန်အတွက် သူ့ကိုကြိမ်ဒဏ်ပေး၍ စစ်ဆေးကြရန် ညွှန်ကြားလေ၏။
25. သူ့ကို ကြိုးနှင့်ချည်နှောင်ကြသောအခါ ပေါလုက အနီး၌ရပ်နေသောတပ်မှူးအား “သင်တို့၌ ရောမနိုင်ငံသားတစ်ဦးကို မစစ်ဆေးဘဲ ဒဏ်ခတ်ရိုက်နှက်ပိုင်ခွင့်ရှိသလော”ဟု မေးလေ၏။
26. တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။
27. ထိုအခါ တပ်မှူးကြီးသည် ပေါလုထံသို့လာ၍ “ငါ့ကိုပြောပါလော့။ သင်သည် ရောမနိုင်ငံသားဖြစ်သလော”ဟု မေးလျှင် ပေါလုက “ဟုတ်ပါသည်”ဟု ဆို၏။