တ​မန်​တော်​ဝတ္ထု 21:26-40 Myanmar Standard Bible (MSB)

26. ထို​အ​ခါ ပေါ​လု​သည် ထို​လူ​လေး​ဦး​တို့​ကို​ခေါ်​၍ နောက်​တစ်​နေ့​၌ သူ​တို့​နှင့်​အ​တူ သန့်​ရှင်း​စင်​ကြယ်​ခြင်း​ဝတ်​ကို​ခံ​ယူ​လျက် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကာ သူ​တို့​တစ်​ဦး​စီ​အ​တွက် ပူ​ဇော်​သက္ကာ​ဆက်​သ​မည့်​အ​ချိန်​ဖြစ်​သည့် သန့်​ရှင်း​စင်​ကြယ်​ခြင်း​ဝတ်​ကို​ခံ​ယူ​သည့် နေ့​ရက်​များ​ပြီး​ဆုံး​မည့်​အ​ချိန်​ကို အ​သိ​ပေး​လေ​၏။

27. ခု​နစ်​ရက်​ကာ​လ​ပြည့်​လု​နီး​သော​အ​ခါ အာ​ရှ​ပြည်​မှ​လာ​သော​ဂျူး​လူ​မျိုး​အ​ချို့​တို့​သည် ပေါ​လု​ကို ဗိ​မာန်​တော်​၌​တွေ့​ကြ​လျှင် လူ​ထု​ပ​ရိ​သတ်​အား​လုံး​ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်း​ဆီး​ကာ

28. “အစ္စ​ရေး​အ​မျိုး​သား​တို့၊ ကူ​ညီ​ကြ​ပါ။ ဤ​သူ​သည် လူ​မျိုး​တော်​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း၊ ဤ​နေ​ရာ​ကို​လည်း​ကောင်း ဆန့်​ကျင်​လျက် အ​ရပ်​ရပ်​တို့​၌ လူ​အ​ပေါင်း​တို့​အား သွန်​သင်​နေ​သူ​ဖြစ်​၏။ ထို​မျှ​မ​က ဂ​ရိ​လူ​မျိုး​တို့​ကို​လည်း ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​၍ ဤ​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ပါ​ပြီ”​ဟု အော်​ဟစ်​ကြ​၏။

29. ထို​သို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧ​ဖက်​မြို့​သား တ​ရော​ဖိမ်​ကို ပေါ​လု​နှင့်​အ​တူ မြို့​ထဲ​၌​တွေ့​ခဲ့​သ​ဖြင့် ပေါ​လု​သည် ထို​သူ​ကို ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​ခဲ့​သည်​ဟု ထင်​မှတ်​သော​ကြောင့်​ဖြစ်​၏။

30. ထို​အ​ခါ တစ်​မြို့​လုံး​ဆူ​ပူ​လှုပ်​ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါ​လု​ကို​ဖမ်း​ဆီး​လျက် ဗိ​မာန်​တော်​အ​ပြင်​သို့ ဆွဲ​ထုတ်​ပြီး​လျှင် တံ​ခါး​များ​ကို ချက်​ချင်း​ပိတ်​လိုက်​ကြ​၏။

31. လူ​တို့​သည် ပေါ​လု​ကို​သတ်​ရန် ကြိုး​စား​နေ​ကြ​စဉ် ဂျေ​ရု​ဆ​လင်​တစ်​မြို့​လုံး ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​နေ​သည်​ဟူ​သော​သ​တင်း​သည် တပ်​ဖွဲ့​တစ်​ဖွဲ့​၏​တပ်​မှူး​ကြီး​ထံ ရောက်​လေ​၏။

32. သူ​သည် ချက်​ချင်း​ပင် စစ်​သား​များ​နှင့်​တပ်​မှူး​တို့​ကို​ခေါ်​၍ သူ​တို့​ထံ​သို့ ပြေး​ဆင်း​လာ​၏။ လူ​တို့​သည် တပ်​မှူး​ကြီး​နှင့်​စစ်​သား​တို့​ကို​မြင်​လျှင် ပေါ​လု​ကို​ရိုက်​နှက်​နေ​ခြင်း​မှ ရပ်​တန့်​ကြ​၏။

33. ထို​အ​ခါ တပ်​မှူး​ကြီး​သည် အ​နီး​သို့​ရောက်​လာ​၍ ပေါ​လု​ကို​ဖမ်း​ဆီး​ကာ သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ထား​ရန် အ​မိန့်​ပေး​ပြီး​လျှင် ပေါ​လု​သည် မည်​သူ​ဖြစ်​ကြောင်း​နှင့် မည်​သည့်​အ​မှု​ပြု​ခဲ့​ကြောင်း​ကို မေး​မြန်း​လေ​၏။

34. သို့​သော် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ တစ်​ယောက်​တစ်​မျိုး​အော်​ဟစ်​နေ​ကြ​၍ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​နေ​သော​ကြောင့် တပ်​မှူး​သည် အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့် ပေါ​လု​ကို စ​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန် အ​မိန့်​ပေး​လေ​၏။

35. ပေါ​လု​သည် လှေ​ကား​နား​သို့​ရောက်​သော​အ​ခါ လူ​တို့​၏​အ​ကြမ်း​ဖက်​မှု​ကြောင့် စစ်​သား​များ​သည် သူ့​ကို ချီ​မ​၍​ခေါ်​သွား​ရ​ကြ​၏။

36. အ​ကြောင်း​မူ​ကား များ​စွာ​သော​လူ​တို့​သည် နောက်​မှ​လိုက်​လာ​၍ “သူ့​ကို​သုတ်​သင်​လိုက်​ပါ”​ဟု အော်​ဟစ်​နေ​ကြ​၏။

37. သူ့​ကို စ​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​မည်​ပြု​စဉ်​တွင် ပေါ​လု​သည် တပ်​မှူး​ကြီး​အား “သင်​နှင့်​အ​နည်း​ငယ် အ​ကျွန်ုပ်​စ​ကား​ပြော​ခွင့်​ရ​မည်​လော”​ဟု ဆို​၏။ တပ်​မှူး​ကြီး​က​လည်း “သင်​သည် ဂ​ရိ​စ​ကား​ကို​ပြော​တတ်​သ​လော။

38. သို့​ဖြစ်​လျှင် သင်​သည် ဤ​နေ့​များ​မ​တိုင်​မီ​က ပုန်​ကန်​ထ​ကြွ​လျက် အ​ကြမ်း​ဖက်​သ​မား​လေး​ထောင်​ကို တော​ကန္တာ​ရ​ထဲ​သို့ ခေါ်​ဆောင်​သွား​သည့် အီ​ဂျစ်​အ​မျိုး​သား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။

39. ပေါ​လု​က​လည်း “အ​ကျွန်ုပ်​သည် ဂျူး​လူ​မျိုး​ဖြစ်​ပြီး ဆီ​လီ​ဆီး​ယား​ပြည်​၏​ထင်​ရှား​သော​မြို့​ဖြစ်​သည့် တာ​ရှု​မြို့​မှ​လာ​သော ပြည်​သား​တစ်​ယောက်​ဖြစ်​ပါ​သည်။ လူ​တို့​အား စ​ကား​ပြော​ခွင့်​ပြု​ရန် သင့်​ကို အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်”​ဟု ဆို​လေ​၏။

40. တပ်​မှူး​ကြီး​က​လည်း ခွင့်​ပြု​သ​ဖြင့် ပေါ​လု​သည် လှေ​ကား​ပေါ်​တွင်​ရပ်​လျက် လူ​တို့​အား လက်​ရိပ်​ပြ​ရာ အ​လွန်​တိတ်​ဆိတ်​သွား​လေ​၏။ ထို​အ​ခါ သူ​သည် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် ပြော​ကြား​၍

တ​မန်​တော်​ဝတ္ထု 21