16. ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။
17. ဂျေရုဆလင်မြို့သို့ ငါတို့ရောက်ကြသောအခါ ညီအစ်ကိုများသည် ငါတို့ကို လှိုက်လှဲစွာကြိုဆိုကြ၏။
18. နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ဝင်လျှင် အသင်းတော်အကြီးအကဲအားလုံးတို့သည်လည်း ရောက်နေကြ၏။
19. ပေါလုသည် သူတို့ကိုနှုတ်ဆက်ပြီးလျှင် မိမိ၏အမှုတော်လုပ်ငန်းအားဖြင့် လူမျိုးခြားတို့၌ ဘုရားသခင်ပြုတော်မူသော အကြောင်းအရာတို့ကို တစ်ခုချင်းပြောပြလေ၏။
20. ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
21. သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
22. သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။ သင်ရောက်ရှိနေကြောင်း သူတို့ကြားကြမည်သေချာ၏။
23. ထို့ကြောင့် သင့်ကို ငါတို့ပြောသည့်အတိုင်း ပြုပါလော့။ ငါတို့တွင် အဓိဋ္ဌာန်ပြုထားသော လူလေးဦးရှိ၏။
24. ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။
25. လူမျိုးခြားတို့ထဲမှ ယုံကြည်လာသောသူတို့အတွက်မူကား ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်ထားသောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ရန် ငါတို့ဆုံးဖြတ်၍ စာရေးသားပေးပို့ကြပြီ”ဟု ဆိုကြ၏။
26. ထိုအခါ ပေါလုသည် ထိုလူလေးဦးတို့ကိုခေါ်၍ နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် ဗိမာန်တော်ထဲသို့ဝင်ကာ သူတို့တစ်ဦးစီအတွက် ပူဇော်သက္ကာဆက်သမည့်အချိန်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူသည့် နေ့ရက်များပြီးဆုံးမည့်အချိန်ကို အသိပေးလေ၏။
27. ခုနစ်ရက်ကာလပြည့်လုနီးသောအခါ အာရှပြည်မှလာသောဂျူးလူမျိုးအချို့တို့သည် ပေါလုကို ဗိမာန်တော်၌တွေ့ကြလျှင် လူထုပရိသတ်အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေ၍ သူ့ကိုဖမ်းဆီးကာ
28. “အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
29. ထိုသို့ဆိုခြင်းမှာ သူတို့သည် ဧဖက်မြို့သား တရောဖိမ်ကို ပေါလုနှင့်အတူ မြို့ထဲ၌တွေ့ခဲ့သဖြင့် ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်ခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
30. ထိုအခါ တစ်မြို့လုံးဆူပူလှုပ်ရှား၍ လူတို့သည် ပြေးလာကြကာ ပေါလုကိုဖမ်းဆီးလျက် ဗိမာန်တော်အပြင်သို့ ဆွဲထုတ်ပြီးလျှင် တံခါးများကို ချက်ချင်းပိတ်လိုက်ကြ၏။
31. လူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟူသောသတင်းသည် တပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။
32. သူသည် ချက်ချင်းပင် စစ်သားများနှင့်တပ်မှူးတို့ကိုခေါ်၍ သူတို့ထံသို့ ပြေးဆင်းလာ၏။ လူတို့သည် တပ်မှူးကြီးနှင့်စစ်သားတို့ကိုမြင်လျှင် ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်ကြ၏။