တ​မန်​တော်​ဝတ္ထု 20:14-28 Myanmar Standard Bible (MSB)

14. သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သော​အ​ခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်​တင်​၍ မိ​တု​လင်​မြို့​သို့ သွား​ကြ​၏။

15. ထို​မြို့​မှ တစ်​ဖန်​ရွက်​လွှင့်​ကြ​ပြီး နောက်​တစ်​နေ့​တွင် ခိ​အု​ကျွန်း​၏​တစ်​ဖက်​သို့ ရောက်​ကြ​၏။ ထို​မှ တစ်​နေ့​ကြာ​သော် သာ​မု​ကျွန်း​သို့​ဝင်​၍ နောက်​တစ်​နေ့​တွင် မိ​လက်​မြို့​သို့​ရောက်​ကြ​၏။

16. ဤ​သို့​ခ​ရီး​ပြု​ခြင်း​မှာ ပေါ​လု​သည် အာ​ရှ​ပြည်​တွင် အ​ချိန်​မ​ကုန်​စေ​ရန် ဧ​ဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်​လွှင့်​သွား​မည်​ဟု ဆုံး​ဖြတ်​ထား​သော​ကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်​နိုင်​လျှင် ပင်​တေ​ကုတ္တေ​ပွဲ​နေ့​တွင် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်​၍ ခ​ရီး​ကို​လျင်​မြန်​စွာ​ပြု​နေ​၏။

17. ထို့​ကြောင့် ပေါ​လု​သည် မိ​လက်​မြို့​မှ ဧ​ဖက်​မြို့​သို့ လူ​လွှတ်​၍ အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို​ခေါ်​လေ​၏။

18. သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​က “ငါ​သည် အာ​ရှ​ပြည်​၌ ပ​ထ​မ​ဦး​ဆုံး​ခြေ​ချ​သည့်​နေ့​မှ​စ​၍ သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​သည့်​ကာ​လ​တစ်​လျှောက် မည်​ကဲ့​သို့​အ​သက်​ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။

19. ငါ​သည် အ​လွန်​စိတ်​နှိမ့်​ချ​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဂျူး​လူ​မျိုး​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ကြောင့်​ကျ​ရောက်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကြား​မှ သ​ခင်​ဘု​ရား​ကို အ​စေ​ခံ​ခဲ့​၏။

20. ငါ​သည် သင်​တို့​အ​တွက် အ​ကျိုး​ရှိ​မည့်​အ​ရာ​ရှိ​သ​မျှ​ကို တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်​ပြ​လျက် လူ​အ​များ​ရှေ့​၌​ဖြစ်​စေ၊ တစ်​အိမ်​ပြီး​တစ်​အိမ်​ဖြစ်​စေ သွန်​သင်​ကာ

21. ဘု​ရား​သ​ခင်​ရှေ့​တော်​၌​နောင်​တ​ရ​ခြင်း​အ​ကြောင်း​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တို့​ကို ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး နှစ်​မျိုး​စ​လုံး​တို့​အား သက်​သေ​ခံ​ခဲ့​၏။

22. ယ​ခု ငါ​သည် ဝိ​ညာဉ်​တော်​၏​နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်​သည့်​အ​ရာ​နှင့်​ငါ​ကြုံ​တွေ့​ရ​မည်​ကို ငါ​မ​သိ။

23. သို့​သော် အ​ချုပ်​အ​နှောင်​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်​သေ​ခံ​တော်​မူ​သည်​ကို ငါ​သိ​၏။

24. သို့​ရာ​တွင် ငါ​သည် မိ​မိ​ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​သက်​သေ​ခံ​ရန် သ​ခင်​ယေ​ရှု​ထံ​မှ ငါ​ရ​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​ကို ပြီး​မြောက်​စေ​နိုင်​ရန်​အ​တွက်​ဆို​လျှင် ငါ့​အ​သက်​ကို​ပင် ငါ​ပ​ဓာ​န​မ​ထား​ပေ။

25. ယ​ခု​မူ​ကား နိုင်​ငံ​တော်​အ​ကြောင်း​ကို သင်​တို့​အား​လုံး​အ​လယ်​၌ လှည့်​လည်​ဟော​ပြော​ခဲ့​သော​ငါ​၏​မျက်​နှာ​ကို သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

26. သို့​ဖြစ်​၍ ငါ​သည် အား​လုံး​၏​သွေး​နှင့်​ကင်း​ရှင်း​ကြောင်း ယ​နေ့​ပင် သင်​တို့​အား ငါ​သက်​သေ​ခံ​၏။

27. အ​ကြောင်း​မူ​ကား ငါ​သည် တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင်​ဖော်​ပြ​ခဲ့​ပြီ။

28. သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိုး​စု​အား​လုံး​ကို​လည်း​ကောင်း ဂ​ရု​စိုက်​ကြ​လော့။ ကိုယ်​တော်​၏​သွေး​တော်​နှင့်​ဝယ်​ယူ​ထား​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို သင်​တို့​အုပ်​ထိန်း​စေ​ရန် ထို​သိုး​စု​ကို​ကြီး​ကြပ်​သူ​အ​ဖြစ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို​ခန့်​အပ်​ထား​တော်​မူ​၏။

တ​မန်​တော်​ဝတ္ထု 20