10. ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။
11. ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။
12. သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
13. ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။
14. သူသည် အဿုမြို့တွင် ငါတို့နှင့်ဆုံသောအခါ ငါတို့သည် သူ့ကို သင်္ဘောပေါ်ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။
15. ထိုမြို့မှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်း၏တစ်ဖက်သို့ ရောက်ကြ၏။ ထိုမှ တစ်နေ့ကြာသော် သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။
16. ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။
17. ထို့ကြောင့် ပေါလုသည် မိလက်မြို့မှ ဧဖက်မြို့သို့ လူလွှတ်၍ အသင်းတော်အကြီးအကဲများကိုခေါ်လေ၏။
18. သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။