1. ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။
2. ထိုဒေသများကိုလှည့်လည်၍ များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ပြီးနောက် ဂရိပြည်သို့ရောက်လာ၏။
3. ထိုပြည်၌ သုံးလနေပြီးနောက် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်သွားရန် ဆုံးဖြတ်လေ၏။
4. ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
5. သူတို့သည် ဦးစွာသွားနှင့်ပြီး တရောမြို့တွင် ငါတို့ကိုစောင့်နေကြ၏။
6. တဆေးမဲ့မုန့်ပွဲတော်နေ့များလွန်သောအခါ ငါတို့သည် ဖိလိပ္ပိမြို့မှ ရွက်လွှင့်၍ ငါးရက်အတွင်း တရောမြို့၌ရှိသောထိုသူတို့ထံသို့ ရောက်ပြီးလျှင် ထိုမြို့တွင် ခုနစ်ရက်နေကြ၏။
7. ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
8. ငါတို့စုဝေးရာအထက်ခန်းတွင် မီးခွက်အမြောက်အများထွန်းထား၏။
9. ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။
10. ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။
11. ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။
12. သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
13. ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။
14. သူသည် အဿုမြို့တွင် ငါတို့နှင့်ဆုံသောအခါ ငါတို့သည် သူ့ကို သင်္ဘောပေါ်ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။