35. သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုမိန့်တော်မူ၏’ဟူ၍ ဆိုလေ၏။
36. ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သောထိုယေရှုကို သခင်အရာ၌လည်းကောင်း၊ ခရစ်တော်အရာ၌လည်းကောင်း ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးလုံးသည် သေချာစွာသိမှတ်ကြပါစေ”ဟု ဟောပြောလေ၏။
37. လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
38. ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
39. အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
40. ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
41. ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
42. ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
43. လူအပေါင်းတို့၌ ကြောက်စိတ်ဖြစ်ပေါ်ကြပြီး တမန်တော်တို့သည်လည်း များစွာသောအံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာတို့ကိုပြုကြ၏။
44. ယုံကြည်သူအားလုံးတို့သည် တစ်စုတစ်ဝေးတည်းနေလျက် ရှိသမျှတို့ကို စုပေါင်းပိုင်ဆိုင်ကြကာ
45. ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။
46. သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
47. ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။