29. ညီအစ်ကိုတို့၊ ရှေးဘိုးဘေးဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
30. သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။
31. သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။
32. ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။
33. ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။
34. ဒါဝိဒ်သည် ကောင်းကင်ဘုံသို့တက်သွားခဲ့သည်မဟုတ်။ သို့သော် သူက ‘ထာဝရဘုရားသည် ငါ၏သခင်ဘုရားအား
35. သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုမိန့်တော်မူ၏’ဟူ၍ ဆိုလေ၏။
36. ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သောထိုယေရှုကို သခင်အရာ၌လည်းကောင်း၊ ခရစ်တော်အရာ၌လည်းကောင်း ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးလုံးသည် သေချာစွာသိမှတ်ကြပါစေ”ဟု ဟောပြောလေ၏။
37. လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
38. ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
39. အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
40. ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
41. ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
42. ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။