12. လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
13. သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။
14. ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
15. ယခုအချိန်ကား နံနက်ကိုးနာရီဖြစ်၍ ဤသူတို့သည် သင်တို့ထင်မှတ်သကဲ့သို့ ယစ်မူးနေကြသည်မဟုတ်။
16. ဤအရာသည် ပရောဖက်ယောလဟောပြောထားသောအရာပင်ဖြစ်၏။
17. ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ကြရလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
18. ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
19. အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
20. ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။
21. ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။
22. အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။