တ​မန်​တော်​ဝတ္ထု 2:1-15 Myanmar Standard Bible (MSB)

1. ပင်​တေ​ကုတ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တစ်​နေ​ရာ​တည်း​၌ စု​ဝေး​နေ​ကြ​၏။

2. ထို​အ​ခါ ပြင်း​ထန်​သော​လေ​တိုက်​ခတ်​သံ​နှင့်​တူ​သည့် အ​သံ​သည် ကောင်း​ကင်​မှ ရုတ်​တ​ရက်​ပေါ်​ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်​အိမ်​လုံး​ကို ဖုံး​လွှမ်း​လေ​၏။

3. ထို့​နောက် ဖြာ​ထွက်​သည့်​မီး​လျှံ​ကဲ့​သို့​သော​လျှာ​များ​သည် သူ​တို့​ရှေ့​၌​ပေါ်​ထွက်​လာ​၍ သူ​တို့​တစ်​ဦး​စီ​အ​ပေါ်​တည်​လေ​၏။

4. ထို​အ​ခါ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်​စွမ်း​ပေး​တော်​မူ​သည့်​အ​တိုင်း အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ဖြင့် စ​တင်​ပြော​ဆို​ကြ​၏။

5. ထို​အ​ချိန်​ကာ​လ​တွင် မိုး​ကောင်း​ကင်​အောက်​ရှိ တိုင်း​နိုင်​ငံ​အ​သီး​သီး​မှ ဘု​ရား​တ​ရား​ကြည်​ညို​သော​ဂျူး​လူ​မျိုး​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​တည်း​ခို​နေ​ကြ​၏။

6. ထို​အ​သံ​ထွက်​ပေါ်​လာ​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​၍ သူ​တို့​အ​သီး​သီး​သည် သူ​တို့​၏​ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ရ​သ​ဖြင့် အံ့​ဩ​တွေ​ဝေ​ကြ​ကုန်​၏။

7. သူ​တို့​သည် အံ့​သြ​ငေး​မော​ကြ​လျက် “ကြည့်​ပါ။ ယ​ခု​ပြော​ဆို​နေ​သော ဤ​သူ​အား​လုံး​တို့​သည် ဂါ​လိ​လဲ​နယ်​သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

8. သို့​ဖြစ်​လျှင် ငါ​တို့​အ​သီး​သီး​သည် ငါ​တို့​မွေး​ဖွား​ရာ​အ​ရပ်​မှ ဘာ​သာ​စ​ကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်​သို့​နည်း။

9. ငါ​တို့​တွင် ပါ​သိ​လူ​မျိုး၊ မေ​ဒိ​လူ​မျိုး​နှင့် ဧ​လံ​လူ​မျိုး​များ​မှ​စ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှ​ပြည်၊

10. ဖြူ​ဂိ​ပြည်၊ ပံ​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​နှင့် ကု​ရေ​နေ​မြို့​အ​နီး လစ်​ဗျား​နယ်​မြေ​ဒေ​သ​တို့​၌ နေ​ထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့​ပြင် အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော​ရော​မ​နိုင်​ငံ​သား​များ၊ ဂျူး​လူ​မျိုး​များ​နှင့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​များ၊

11. က​ရေ​တေ​ကျွန်း​သား​များ၊ အာ​ရပ်​ပြည်​သား​များ​လည်း​ရှိ​ကြ​၏။ သို့​ဖြစ်​လျက်​နှင့် ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​၏​ဘာ​သာ​စ​ကား​များ​ဖြင့် ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တ​ကား”​ဟု ပြော​ဆို​ကြ​၏။

12. လူ​အား​လုံး​တို့​သည် အံ့​သြ​ငေး​မော​လျက် ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​ကာ “ဤ​အ​မှု​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13. သို့​သော် လူ​အ​ချို့​တို့​က “သူ​တို့​သည် ဝိုင်​ချို​ဖြင့်​မူး​ယစ်​နေ​ကြ​သည်”​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

14. ထို​အ​ခါ ပေ​တ​ရု​သည် တ​မန်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​နှင့်​အ​တူ​မတ်​တတ်​ရပ်​လျက် မိ​မိ​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဂျူး​အ​မျိုး​သား​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​ကြ​သော​သူ​အ​ပေါင်း​တို့၊ ဤ​အ​ရာ​ကို​သင်​တို့​အား သိ​မှတ်​စေ​လို​ပါ​၏။ ငါ့​စ​ကား​ကို သေ​ချာ​စွာ​နား​ထောင်​ကြ​လော့။

15. ယ​ခု​အ​ချိန်​ကား နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့ ယစ်​မူး​နေ​ကြ​သည်​မ​ဟုတ်။

တ​မန်​တော်​ဝတ္ထု 2