31. ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
32. လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။
33. ဂျူးလူမျိုးတို့သည် အလက်ဇန္ဒြားဆိုသူတစ်ဦးကို ရှေ့သို့ထွက်စေ၍ လူအစုအဝေးထဲမှအချို့တို့ကလည်း သူ့ကိုထောက်ခံသဖြင့် အလက်ဇန္ဒြားသည် လက်ရိပ်ပြကာ လူစုလူဝေးအား ချေပပြောဆိုရန် ကြိုးစားလေ၏။
34. သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်း လူတို့သိကြသောအခါ အားလုံးသည် တစ်သံတည်းဖြင့် “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု နှစ်နာရီခန့်မျှ ကြွေးကြော်ကြ၏။
35. ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။
36. ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
37. အကြောင်းမူကား သင်တို့ခေါ်ဆောင်ခဲ့သော ဤသူတို့သည် ဗိမာန်တော်ကို လုယက်သောသူလည်းမဟုတ်။ ငါတို့၏နတ်ဘုရားမကို စော်ကားပြောဆိုသောသူလည်းမဟုတ်။
38. ထို့ကြောင့် ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းထိမ်သမားတို့သည် တစ်စုံတစ်ဦးကို တရားစွဲဆိုရန်ရှိလျှင် တရားရုံးများဖွင့်ထားပြီး အုပ်ချုပ်ရေးမှူးများလည်း ရှိကြသည်ဖြစ်၍ အမှုသည်ချင်း တရားတွေ့ကြပါစေ။
39. သို့သော် သင်တို့သည် အခြားကိစ္စတစ်စုံတစ်ခုအလိုရှိလျှင် တရားဝင်အစည်းအဝေး၌ ဆုံးဖြတ်ရမည်။
40. ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက်
41. လူအစုအဝေးကို ပြန်လွှတ်လိုက်လေ၏။