20. ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။
21. ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
22. ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။
23. ထိုအချိန်အတွင်း တရားလမ်းနှင့်ပတ်သက်၍ အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
24. ဖြစ်ရသည့်အကြောင်းကား ဒေမေတရိအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်ကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်သမားတို့အား အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေ၏။
25. သူသည် ထိုသူတို့အပါအဝင် အလားတူလုပ်ငန်းမျိုးလုပ်ကိုင်နေသောသူများကို စုဝေးစေလျက် “မိတ်ဆွေတို့၊ ဤလုပ်ငန်းအားဖြင့် ငါတို့အကျိုးစီးပွားဖြစ်ထွန်းသည်ကို သင်တို့သိကြ၏။
26. သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။
27. ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။
28. သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာဒေါသထွက်၍ “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု အော်ဟစ်ကြ၏။
29. ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
30. ပေါလုသည် လူစုလူဝေးထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့သည် သူ့ကိုတားမြစ်ကြ၏။
31. ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။