1. အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်
2. “သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။
3. ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။
4. ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှုကိုဆိုလို၏”ဟု ဆိုလေ၏။
5. သူတို့သည် ထိုစကားကိုကြားလျှင် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံကြ၏။
6. ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
7. ထိုသူတို့သည် အားလုံးပေါင်းတစ်ဆယ့်နှစ်ယောက်ခန့်မျှရှိကြ၏။
8. ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
9. သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
10. နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာကြရ၏။
11. ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။
12. သူ့ကိုယ်ပေါ်မှ ပဝါ သို့မဟုတ် ခါးစည်းအဝတ်ကိုယူသွား၍ နာမကျန်းဖြစ်သူများအပေါ်တင်လျှင် သူတို့၏ရောဂါများပျောက်ကင်း၍ နတ်ဆိုးများလည်း ထွက်သွားကြ၏။
13. ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ် သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။