7. ယာသုန်သည် သူတို့ကို လက်ခံထားပါသည်။ သူတို့အားလုံးသည် ယေရှုဟူသောအခြားဘုရင်တစ်ပါးရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်ကို ဆန့်ကျင်ဘက်ပြုကြပါသည်”ဟု အော်ဟစ်ပြောဆိုကြ၏။
8. ထိုအရာများကိုကြားရသော လူထုပရိသတ်နှင့်အာဏာပိုင်တို့သည် စိတ်ပူပန်လျက်
9. ယာသုန်နှင့် အခြားညီအစ်ကိုတို့ထံမှ အာမခံငွေကိုယူပြီးလျှင် သူတို့ကို ပြန်လွှတ်ကြ၏။
10. ညီအစ်ကိုတို့သည် ပေါလုနှင့်သိလတို့ကို ညတွင်းချင်းပင် ဗေရိမြို့သို့ စေလွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းသို့ သွားကြ၏။
11. ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
12. ထို့ကြောင့် များစွာသောသူတို့သည် ယုံကြည်ကြ၏။ ထိုသူတို့တွင် ဂုဏ်သရေရှိသောဂရိအမျိုးသမီးများနှင့်အမျိုးသားများလည်း မနည်းလှပေ။
13. သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
14. ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။
15. ပေါလုကိုလိုက်ပို့သောသူတို့သည် သူ့ကို အေသင်မြို့တိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့်တိမောသေတို့အား မိမိထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာကြပါဟူသော ပေါလု၏ညွှန်ကြားချက်ကိုယူ၍ ပြန်သွားကြ၏။
16. ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။
17. ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။