2. ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ထံသို့ဝင်၍ ဥပုသ်နေ့သုံးကြိမ်တိုင်တိုင် ကျမ်းစာကိုအမှီပြုလျက် သူတို့နှင့်ဆွေးနွေးပြောဆိုကာ
3. ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သေသောသူတို့ထဲမှ ထမြောက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြပြီး သင်တို့အား ငါဟောပြောသောဤယေရှုပင် ခရစ်တော်ဖြစ်သည်ဟုဆိုလေ၏။
4. သူတို့ထဲမှ အချို့တို့သည် ယုံကြည်၍ ပေါလုနှင့်သိလတို့နောက်သို့ လိုက်ကြ၏။ ထိုသူတို့တွင် ဘုရားသခင်ကိုကိုးကွယ်သော ဂရိအမျိုးသားအမြောက်အမြားပါ၍ ထင်ပေါ်ကျော်ကြားသော အမျိုးသမီးတို့သည်လည်းမနည်းလှပေ။
5. သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။
6. သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍
7. ယာသုန်သည် သူတို့ကို လက်ခံထားပါသည်။ သူတို့အားလုံးသည် ယေရှုဟူသောအခြားဘုရင်တစ်ပါးရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်ကို ဆန့်ကျင်ဘက်ပြုကြပါသည်”ဟု အော်ဟစ်ပြောဆိုကြ၏။
8. ထိုအရာများကိုကြားရသော လူထုပရိသတ်နှင့်အာဏာပိုင်တို့သည် စိတ်ပူပန်လျက်
9. ယာသုန်နှင့် အခြားညီအစ်ကိုတို့ထံမှ အာမခံငွေကိုယူပြီးလျှင် သူတို့ကို ပြန်လွှတ်ကြ၏။
10. ညီအစ်ကိုတို့သည် ပေါလုနှင့်သိလတို့ကို ညတွင်းချင်းပင် ဗေရိမြို့သို့ စေလွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းသို့ သွားကြ၏။
11. ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
12. ထို့ကြောင့် များစွာသောသူတို့သည် ယုံကြည်ကြ၏။ ထိုသူတို့တွင် ဂုဏ်သရေရှိသောဂရိအမျိုးသမီးများနှင့်အမျိုးသားများလည်း မနည်းလှပေ။
13. သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။