11. ငါတို့သည် တရောမြို့မှရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တိုက်ရိုက်သွားပြီးလျှင် နောက်တစ်နေ့၌ နေအာပေါလိမြို့သို့ရောက်ကြ၏။
12. ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိကမြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။
13. ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
14. သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
15. သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
16. တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
17. ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
18. သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
19. သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
20. အုပ်ချုပ်ရေးအရာရှိများထံ ရောက်ကြသောအခါ “ဤသူတို့သည် ဂျူးလူမျိုးဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို အလွန်မငြိမ်မသက်ဖြစ်စေ၍
21. ရောမနိုင်ငံသားများဖြစ်ကြသောအကျွန်ုပ်တို့ လက်မခံအပ်၊ မကျင့်သုံးအပ်သော ဓလေ့ထုံးစံများကို ဟောပြောနေကြပါသည်”ဟု ဆိုကြ၏။
22. လူထုပရိသတ်ကလည်း သူတို့နှင့်အတူထလျက် ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ ထိုအခါ အုပ်ချုပ်ရေးအရာရှိတို့သည် ပေါလုနှင့်သိလတို့၏အဝတ်ကိုဆွဲဖြဲ၍ သူတို့ကိုရိုက်နှက်ရန် အမိန့်ပေးကြ၏။
23. သူတို့ကို အချက်ပေါင်းများစွာရိုက်နှက်စေပြီးလျှင် ထောင်ထဲ၌ထည့်ထားကာ သူတို့ကို သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးအား အမိန့်ပေးကြ၏။
24. ထိုအမိန့်ကိုရသောထောင်မှူးသည် သူတို့ကို ထောင်အတွင်းခန်းတွင်ထည့်ထား၍ သူတို့ခြေကို ထိတ်တုံးခတ်ထားလေ၏။
25. သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။
26. ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။
27. ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။
28. သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။