3. ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
4. ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
5. သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
6. ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။
7. များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
8. စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။
9. ဘုရားသခင်သည် သူတို့နှင့်ငါတို့ကို လုံးဝခွဲခြားတော်မမူဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေတော်မူ၏။
25-26. သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ
27. ယုဒနှင့်သိလတို့ကို ငါတို့စေလွှတ်လိုက်ပါ၏။ သူတို့သည် ဤအကြောင်းအရာတို့ကို နှုတ်ဖြင့်လည်း ပြောပြကြပါလိမ့်မည်။
28. အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
29. ၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
30. ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
31. သူတို့သည် ထိုစာကိုဖတ်ကြသောအခါ ၎င်း၌ပါသော တိုက်တွန်းအားပေးမှုကြောင့် ဝမ်းမြောက်ကြ၏။
32. ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း ပရောဖက်များဖြစ်ကြသောကြောင့် များစွာသောစကားတို့ဖြင့် ညီအစ်ကိုတို့ကို တိုက်တွန်းနှိုးဆော်လျက် ခိုင်ခံ့မြဲမြံစေကြ၏။
33. ထို့နောက် အချိန်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့သည် သူတို့ကို ငြိမ်းချမ်းစွာပြန်လွှတ်သဖြင့် သူတို့သည် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ ပြန်သွားကြ၏။
34. [သို့သော် သိလသည် ထိုနေရာ၌နေရစ်ရန် ဆုံးဖြတ်လေ၏။]
35. ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
36. ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
37. ဗာနဗသည် မာကုဟုခေါ်သောယောဟန်ကိုလည်း မိမိနှင့်အတူခေါ်ဆောင်သွားလို၏။
38. သို့သော် ပေါလုက ပံဖုလိပြည်တွင် သူတို့ထံမှ ထွက်ခွာသွားပြီး အမှုတော်ထမ်းဆောင်ရာသို့ သူတို့နှင့်အတူမလိုက်ခဲ့သောသူကို မခေါ်သွားသင့်ဟု မှတ်ယူ၏။
39. ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။