22. ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
23. ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
24. ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
25-26. သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ
27. ယုဒနှင့်သိလတို့ကို ငါတို့စေလွှတ်လိုက်ပါ၏။ သူတို့သည် ဤအကြောင်းအရာတို့ကို နှုတ်ဖြင့်လည်း ပြောပြကြပါလိမ့်မည်။
28. အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
29. ၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
30. ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။