6. တမန်တော်တို့သည် ကြားသိ၍ လုကောနိပြည်ရှိမြို့များဖြစ်ကြသည့် လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ဝန်းကျင်ရှိဒေသများသို့ ထွက်ပြေးကာ
7. ထိုအရပ်တို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက်နေကြ၏။
8. လုတ္တရမြို့တွင် ခြေချည့်သောလူတစ်ဦးထိုင်လျက်နေ၏။ သူသည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူဖြစ်လျက် တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးပေ။
9. ထိုသူသည် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို စေ့စေ့ကြည့်၍ အကောင်းပကတိဖြစ်စေခြင်းကိုခံရရန် သူ၌ ယုံကြည်ခြင်းရှိကြောင်း မြင်လျှင်
10. “ထ၍ သင့်ခြေထောက်ဖြင့် မတ်မတ်ရပ်လော့”ဟု ကျယ်လောင်သောအသံဖြင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။
11. လူတို့သည် ပေါလုပြုသောအရာကို မြင်လျှင် “ဘုရားများသည် လူ့အသွင်ကိုဆောင်လျက် ငါတို့ထံသို့ ဆင်းသက်လာလေပြီ”ဟု မိမိတို့အသံကိုကျယ်စွာပြု၍ လုကောနိဘာသာစကားဖြင့် ပြောဆိုကြ၏။
12. သူတို့သည် ဗာနဗကို ဇုသဟုခေါ်၍ ပေါလုသည် ဦးဆောင်ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေရမေဟုခေါ်ကြ၏။
13. မြို့အပြင်၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် လူထုပရိသတ်နှင့်အတူ ယဇ်ပူဇော်လို၍ နွားလားနှင့်ပန်းကုံးများကို မြို့တံခါးဝသို့ ယူဆောင်လာ၏။
14. တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
15. “မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
16. လွန်လေပြီးသောခေတ်ကာလများတွင် ဘုရားသခင်သည် လူမျိုးတကာတို့ကို မိမိတို့လမ်းစဉ်အတိုင်းလျှောက်လှမ်းကြရန် အခွင့်ပေးထားတော်မူ၏။
17. သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
18. သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။