12. သူတို့သည် ဗာနဗကို ဇုသဟုခေါ်၍ ပေါလုသည် ဦးဆောင်ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေရမေဟုခေါ်ကြ၏။
13. မြို့အပြင်၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် လူထုပရိသတ်နှင့်အတူ ယဇ်ပူဇော်လို၍ နွားလားနှင့်ပန်းကုံးများကို မြို့တံခါးဝသို့ ယူဆောင်လာ၏။
14. တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
15. “မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
16. လွန်လေပြီးသောခေတ်ကာလများတွင် ဘုရားသခင်သည် လူမျိုးတကာတို့ကို မိမိတို့လမ်းစဉ်အတိုင်းလျှောက်လှမ်းကြရန် အခွင့်ပေးထားတော်မူ၏။
17. သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
18. သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။
19. ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
20. သို့သော် တပည့်တော်တို့သည် သူ့ကိုဝိုင်းရံလျက်နေကြစဉ် သူသည် ထ၍ မြို့ထဲသို့ဝင်လေ၏။ နောက်တစ်နေ့တွင် ပေါလုသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာသွားလေ၏။
21. သူတို့သည် ထိုမြို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူများစွာတို့ကို တပည့်တော်ဖြစ်စေကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် အန္တိအုတ်မြို့များသို့ ပြန်သွားပြီးလျှင်
22. တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။