1. ပေါလုနှင့်ဗာနဗတို့သည် ဣကောနိမြို့၌လည်း ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ထိုနည်းတူ ဟောပြောကြရာ ဂျူးလူမျိုးနှင့်ဂရိလူမျိုးအမြောက်အမြားတို့သည် ယုံကြည်ကြ၏။
2. သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
3. ထို့ကြောင့် သူတို့နှစ်ဦးသည် အချိန်အတန်ကြာနေလျက် သခင်ဘုရားအားဖြင့် ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့၏လက်ဖြင့် နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကို ပြုခွင့်ပေးတော်မူ၍ မိမိကျေးဇူးတော်နှင့်ဆိုင်သောနှုတ်ကပတ်တရားဘက်၌ သက်သေခံတော်မူ၏။
4. မြို့သူမြို့သားတို့သည် နှစ်စုကွဲ၍ အချို့တို့သည် ဂျူးလူမျိုးတို့ဘက်၌ပါကြပြီး အချို့တို့သည် တမန်တော်တို့ဘက်၌ပါကြ၏။
5. လူမျိုးခြားများနှင့်ဂျူးလူမျိုးတို့သည် သူတို့၏အကြီးအကဲများနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ခဲနှင့်ပေါက်သတ်ရန် ကြံစည်အားထုတ်ကြသောအခါ
6. တမန်တော်တို့သည် ကြားသိ၍ လုကောနိပြည်ရှိမြို့များဖြစ်ကြသည့် လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ဝန်းကျင်ရှိဒေသများသို့ ထွက်ပြေးကာ
7. ထိုအရပ်တို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက်နေကြ၏။
8. လုတ္တရမြို့တွင် ခြေချည့်သောလူတစ်ဦးထိုင်လျက်နေ၏။ သူသည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူဖြစ်လျက် တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးပေ။
9. ထိုသူသည် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို စေ့စေ့ကြည့်၍ အကောင်းပကတိဖြစ်စေခြင်းကိုခံရရန် သူ၌ ယုံကြည်ခြင်းရှိကြောင်း မြင်လျှင်
10. “ထ၍ သင့်ခြေထောက်ဖြင့် မတ်မတ်ရပ်လော့”ဟု ကျယ်လောင်သောအသံဖြင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။