9. ထိုအခါ ပေါလုဟုလည်းခေါ်သောရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် သူ့ကို စေ့စေ့ကြည့်ကာ
10. “အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
11. ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
12. အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။
13. ပေါလုနှင့်သူ၏အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့ထံမှ ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
14. သူတို့မူကား ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းထဲသို့ဝင်၍ ထိုင်ကြ၏။
15. ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။
16. ထိုအခါ ပေါလုသည်ထ၍ လက်ရိပ်ပြလျက် “အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၊ နားထောင်ကြပါ။
17. အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
18. အနှစ်လေးဆယ်ခန့်မျှသောကာလပတ်လုံး တောကန္တာရတွင် သူတို့ကို သည်းခံတော်မူ၏။