32. ငါတို့သည်လည်း ဘိုးဘေးများအားပေးတော်မူသော ကတိတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
33. ဘုရားသခင်သည် ယေရှုကိုထမြောက်စေ၍ ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသောငါတို့အတွက် ထိုကတိတော်တို့ကို ပြည့်စုံစေတော်မူပြီ။ ဤသည်ကား ဒုတိယမြောက်သောဆာလံကျမ်း၌ ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
34. ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေပြီး နောက်တစ်ဖန် ပုပ်ပျက်ခြင်းသို့မရောက်စေသည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် ဒါဝိဒ်အားပေးထားသည့် သန့်ရှင်း၍ယုံကြည်ထိုက်သောကောင်းချီးကို သင်တို့အားပေးမည်’ဟု မိန့်တော်မူခဲ့၏။
35. ထို့ကြောင့် အခြားသောဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု မိန့်ဆိုထား၏။
36. အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
37. သို့သော် ဘုရားသခင်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့် မကြုံတွေ့ခဲ့ပေ။
38. ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုအရှင်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းတရားကို သင်တို့အား ဟောပြောသည်ကိုလည်းကောင်း၊ ယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းမခံရနိုင်သောအရာအားလုံးတို့မှလွတ်၍
39. ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
40-41. သို့ဖြစ်၍ ‘မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုလျက်အံ့ဩကြကာ ပျက်စီးခြင်းသို့ရောက်ကြလော့။ အကြောင်းမူကား ငါသည် သင်တို့လက်ထက်၌ အမှုတစ်ခုကို ပြုလုပ်မည်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား အကုန်အစင်ပြောပြသော်လည်း သင်တို့သည် လုံးဝယုံကြည်ကြမည်မဟုတ်’ဟု ပရောဖက်များအားဖြင့် မိန့်တော်မူထားသောအရာသည် သင်တို့အပေါ် မသက်ရောက်မည့်အကြောင်း သတိပြုကြလော့”ဟု ဆိုလေ၏။
42. ပေါလုနှင့်ဗာနဗတို့ ထွက်ခွာလာကြစဉ် လူတို့က လာမည့်ဥပုသ်နေ့၌လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန်တောင်းပန်ကြ၏။
43. ဝတ်ပြုစည်းဝေးကျောင်းဆင်းသောအခါ များစွာသောဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သည့် ဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗတို့နောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်၌ ဆက်လက်တည်နေကြရန် အားပေးတိုက်တွန်းကြ၏။
44. နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။