1. အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
2. သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
3. ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
4. ဤသို့ဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏စေလွှတ်တော်မူခြင်းကိုခံရ၍ သေလုကိမြို့သို့ ဆင်းသွားပြီးလျှင် ထိုမြို့မှ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်ကြ၏။
5. ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။
6. တစ်ကျွန်းလုံးကိုလှည့်လည်၍ ပါဖုမြို့အထိရောက်လျှင် ပရောဖက်အတုအယောင်ဖြစ်သည့် ဗာယေရှုအမည်ရှိသော ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
7. ထိုသူသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သည့် အုပ်ချုပ်ရေးမှူးသေရဂိပေါလုနှင့်အတူရှိနေ၏။ ထိုအုပ်ချုပ်ရေးမှူးသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။
8. သို့သော် မှော်ဆရာဟုအဓိပ္ပာယ်ရသည့် ဧလုမအမည်ရှိသော ထိုသူသည် အုပ်ချုပ်ရေးမှူးအား ယုံကြည်ခြင်းမှလွှဲဖယ်စေရန် ကြိုးစားရှာကြံလျက် ဗာနဗနှင့်ရှောလုတို့ကို ဟန့်တားလေ၏။
9. ထိုအခါ ပေါလုဟုလည်းခေါ်သောရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် သူ့ကို စေ့စေ့ကြည့်ကာ
10. “အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
11. ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
12. အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။